ထားဝယ်မြို့တွင် အမှုထမ်း/အရာထမ်းများအား ပြည်သူ့ဆက်ဆံရေးဘာသာရပ်သင်တန်းပို့ချပေး

ထားဝယ်  သြဂုတ် ၁၈

တနင်္သာရီတိုင်းဒေသကြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ ဌာနဆိုင်ရာအသီးသီးမှအရာထမ်း/အမှုထမ်းများအား ပြည်သူ့ဆက်ဆံရေး ဘာသာရပ်သင်တန်းကိုယနေ့နံနက်ပိုင်းက ထားဝယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ပို့ချပေးခဲ့ကြောင်း သိရသည်။

သင်တန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ကြင်ကြင်သန်းက  သင်တန်းသား အမှုထမ်း၊ အရာထမ်းများအား ယနေ့အချိန်အခါတွင် New Media သည် မရှိမဖြစ်အရေးပါသော အခန်းကဏ္ဍတစ်ခုဖြစ်ပြီး အသက်မွေးဝမ်းကြောင်း လုပ်ငန်းများနှင့် သတင်းကွန်ရက် ချိတ်ဆက်မှုများတွင် အသုံးပြုလျက်ရှိသည်ကိုတွေ့ရကြောင်း၊ ယနေ့ခေတ်လူငယ်များသည် Social media များကိုတွင်တွင်ကျယ်ကျယ်အသုံးပြုနေကြသည်ကိုတွေ့ရကြောင်း၊ မြန်မာနိုင်ငံတွင်လည်း သန်းပေါင်းများစွာသော ပြည်သူများသည် Social Media အား နေ့စဉ်သုံးစွဲလျှက်ရှိနေပြီး နေ့စဉ် လူနေမှုဘဝ ပြောဆိုဆက်သွယ်ခြင်းများ၊ လုပ်ငန်းဆိုင်ရာ ဆက်သွယ်ခြင်းများကို Social Media မှတဆင့် ဆက်သွယ်ပြောဆိုလျက်ရှိသည်ကို တွေ့ရကြောင်း၊ social media များသည် ဆိုးကျိုးများရှိသလို တစ်ဖက်မှာလည်းအကျိုး ကျေးဇူးများစွာရှိကြောင်း၊ အရာထမ်း၊ အမှုထမ်းများအနေဖြင့်ချင့်ချိန်၍ ကိုယ်ပိုင်အတွေးအခေါ်အသိဉာဏ်များဖြင့် စဉ်စားစေလိုကြောင်းပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဦးစီးမှူးဒေါ်ကြင်ကြင်သန်းက  အရာထမ်း၊ အမှုထမ်းသင်တန်းသား၊ သင်တန်း သူများအား ပြည်သူ့ဆက်ဆံရေး သဘောသဘာဝများအကြောင်း၊ ပြည်သူလူထုနှင့်တိုက်ရိုက်ထိတွေ့ ဆက်ဆံသည့်အခါလုပ်ငန်း အောင်မြင်နိုင်သည့်နည်းလမ်းများအကြောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနက ကြီးကြပ်ဆောင်ရွက်နေသည့် လုပ်ငန်းများအကြောင်းနှင့် ပြည်သူ့ဆက်ဆံရေး နှင့်ပတ်သက်သည့်ဘာသာရပ်များကို ဆွေးနွေးသင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)