ဒေးဒရဲမြို့ (Community Centre)ခန်းမ၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်းနှင့် ပူးပေါင်း၍ စာဖတ်ဝိုင်း ကျင်းပ

ဒေးဒရဲ သြဂုတ် ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မြို့နယ်အတွင်း စာပေချစ်မြတ်နိုး တန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် စာပေမှရသော အသိအမြင် ဗဟုသုတများကို အသုံးချနိုင်စေရန်ရည်ရွယ်၍ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းနှင့် ပူးပေါင်း၍ Community Centre ခန်းမ၌ စာဖတ်ဝိုင်းကို ယနေ့ မွန်းလွဲ (၁)နာရီက ဆောင်ရွက်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာကြည့်တိုက်မှူး ဒေါ်သီတာမိုးက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်း ပြောကြားခဲ့သည်။ ဆက်လက်ပြီး စာရေးဆရာ အရှင်ဇနက ရေးသားသည့် “လူငယ်များဘဝရဲ့ လက်တွဲဖော် ရွေးချယ်သောအခါ” စာအုပ်ပါ “ဒေါသရဲ့ဒဏ်” ဆောင်းပါးနှင့် “ရန်ငြိုးတွေမချန်ပါနဲ့” ဆောင်းပါးများကို  စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းက အဖွဲ့ဝင်များနှင့် တက်ရောက်လာသည့် စာပေချစ်သူများက အပြန်အလှန် ဖတ်ကြားဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းများ ကျင်းပခြင်း၊ အသိပညာပေး ဟောပြောပွဲများ၊ နံရံကပ်စာစောင်များ ပြသခြင်းနှင့် အသိပညာပေး (talk show) များကို အပတ်စဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အေဇာလင်း