ကန့်ဘလူ ဩဂုတ် ၁၈
အများပြည်သူ အသိပညာဗဟုသုတ တိုးပွားရရှိစေရေးအတွက် သက်ဆိုင်ရာဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အသိပညာပေး Talk Show များဆောင်ရွက်ပေးလျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းပြီး လူငယ်နှင့်အားကစား အသိပညာပေး Talk Show အစီအစဉ်ကို လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ Talk Show အစီအစဥ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်နန်းမြင့်က လူငယ်နှင့်အားကစား အသိပညာပေး ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန တာဝန်ခံဒေါ်ငွေဆွေတာယာက လူငယ်လူရွယ်များအနေဖြင့် ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ဖို့ ကိုယ်လက်လှုပ်ရှားအားကစား အထူးအရေးကြီးပုံများ၊ ခန္ဓာကိုယ်အတွက် အလိုအပ်ဆုံး အစားအစာများ၊ ရေလိုအပ်ချက်အခြေအနေများ၊ ခန္ဓာကိုယ်ကြီးထွားဖို့အတွက် လိုအပ်ချက်များ၊ ဌာနအနေဖြင့် လက်ရှိဆောင်ရွက်နေမှုအခြေအနေများ၊ အားကစားနှင့်လူငယ်ရေးရာ ဟောပြောပွဲများ၊ အားကစားနှင့်ပညာရေးဆိုင်ရာအကြောင်းအရာများ၊ အားကစားသမားများ ဒဏ်ရာအနာတရဖြစ်ပေါ်ပါက အနားပေးရန်လိုအပ်ကြောင်းနှင့် အားကစားသင်တန်းများ ဖွင့်လှစ်ပေးနေမှုအခြေအနေများကို ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)