ပွင့်ဖြူမြို့နယ် ရှစ်ခန်းတွဲ(၅)ထပ် နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာတွင် လျှပ်စစ်ဓာတ်အားရရှိရေးလုပ်ငန်း ဆောင်ရွက်နေမှု ၉၀ ရာခိုင်နှုန်းခန့် ပြီးစီး

ပွင့်ဖြူ ဩဂုတ် ၁၇

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းများ ဈေးနှုန်းသက်သာစွာဖြင့် ငှားရမ်းနေထိုင်နိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ရှစ်ခန်းတွဲ(၅)ထပ် နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာအဆောက်အအုံသစ် အကောင်အထည်ဖော် တည်ဆောက်လျက်ရှိရာ အဆိုပါ နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာအတွက် လျှပ်စစ်ဓာတ်အားရရှိရေးလုပ်ငန်းကို မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ တာဝန်ယူ ဆောင်ရွက်နေပြီး ယခုအခါ လုပ်ငန်းဆောင်ရွက်ပြီးစီးမှု ၉၀ ရာခိုင်နှုန်းခန့် ပြီးစီးသွားပြီဖြစ်ကြောင်း မြို့နယ်လျှပ်စစ် အင်ဂျင်နီယာ ဦးတင့်ဇော်ထံက သိရသည်။

အဆိုပါ နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာအတွက် လျှပ်စစ်ဓာတ်အားရရှိရေးလုပ်ငန်းကို မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးတင့်ဇော်၏ ကြီးကြပ်မှုဖြင့် လျှပ်စစ်လိုင်းတာဝန်ခံ ဦးလှဝင်းအောင်နှင့် ဝန်ထမ်းများအဖွဲ့က ယခုလ ပထမပတ်က စတင်ပြီး ၁၁ ကေဗွီ ဓာတ်အားလိုင်း AWOC 800’ တည်ဆောက် ခြင်း ၊ 11/0.4 ကေဗွီ  ၊ 315 ကေဗွီအေ ထရန်စဖော်မာတစ်လုံး တည်ဆောက်ခြင်းနှင့် ၄၀၀ ဗို့လိုင်း အရှည်ပေ ၅၄၀ တည်ဆောက်ခြင်းလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း သိရကာ ယခုအခါ လျှပ်စစ်ဓာတ်အားရရှိရေးလုပ်ငန်း ဆောင်ရွက်နေမှုမှာ ၉၀ ရာခိုင်နှုန်းခန့် ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်ရှိ နိုင်ငံ့ဝန်ထမ်းများ အဆင်ပြေစွာ နေထိုင်နိုင်ရေးအတွက် အကောင်အထည်ဖော် တည်ဆောက်နေသည့် ရှစ်ခန်းတွဲ(၅)ထပ် နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာ အဆောက်အအုံမှာ အလျား ၉၃ ပေ ၆ လက်မ ၊ အနံ ၉၃ ပေ ၆ လက်မ သံကူကွန်ကရစ်အမျိုးအစားဖြစ်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ် ၊ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် ၉၈၉ သန်းဖြင့် တင်ဒါအောင်မြင်သော မကွေးမြို့ ၊ ကျော်သာ ဆောက်လုပ်ရေးကုမ္ပဏီက တာဝန်ယူ တည်ဆောက်နေခြင်းဖြစ်ပြီး ယခု ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်တွင် အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)