ဘားအံ ဩဂုတ် ၁၇
ကရင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သက်ရောက်မှုရှိခဲ့သော ပြည်သူလူထု၏ လူမှုစီးပွားဘဝများနှင့် ပြည်နယ်၏စီးပွားရေးအခြေအနေများကို ပြန်လည်မြှင့်တင်နိုင်ရေးအတွက် နွေစပါးနှင့်ပဲတီစိမ်းစိုက်ဧကများအပေါ်အခြေခံ၍ ပြည်နယ်၏စီးပွားရေးကဏ္ဍပြန်လည်မြှင့်တင်နိုင်ရန် ပြည်နယ်စီးပွားမြှင့်တင်ရေးရန်ပုံငွေကြီးကြပ်မှု ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၂)ကို ယမန်နေ့မွန်းလွဲ ၄ နာရီခန့်က ကရင်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၃)၌ ကျင်းပခဲ့သည်။
အစည်းအဝေးတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုကြောင့် သက်ရောက်မှုရှိခဲ့သည့် ပြည်နယ်၏စီးပွားရေးကဏ္ဍ ပြန်လည်ဦးမော့လာစေရေးအတွက် နိုင်ငံတော်မှ ထောက်ပံ့ လွဲပြောင်းပေးသည့် ရန်ပုံငွေ ၈ ဘီလီယံကိုရရှိခဲ့ပြီး စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများကို မြှင့်တင်နိုင်ရေး ပြည်နယ်စီးပွားမြှင့်တင်ရေးရန်ပုံငွေအဖြစ် ထားရှိဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မြန်ငွေပေါ်၍ မြန်မြန်အကျိုးစီးပွားဖြစ်ထွန်းနိုင်မည့် စီးပွားရေးစနစ်(Quick Win)နှင့် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဈေးကွက်ရှိသည့် သီးနှံထုတ်ကုန်များသည် ချက်ခြင်းအကျိုး အမြတ်ရရှိနိုင်ပြီး နွေစပါး၊ ပဲတီစိမ်းနှင့် ဆောင်းသီးနှံ(ရာသီပေါ်သီးနှံ)ထုတ်ကုန်များ နှစ်ဆတိုးတက်ဖို့ ရည်မှန်းချက်ထား ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ထို့သို့ဆောင်ရွက်ခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ရရှိလာပြီး ဝင်ငွေတိုးပွားလာကာ ဒေသတွင်းရောင်းလိုအားနှင့်ဝယ်လိုအားများ တိုးတက်ရရှိလာမည်ဖြစ်ကြောင်း၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း ပုံစံကဲ့သို့ဆောင်ရွက်ရမည်ဖြစ်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှုရှိရှိဖြင့် ရန်ပုံငွေလေလွင့်ဆုံးရှုံးမှုမရှိစေဘဲ ပြည်နယ်အတွင်း ဆက်လက်တိုးပွားနေစေရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယင်းနှင့်ဆက်စပ်၍ SME လုပ်ငန်းများကိုလည်း ကောင်းမွန်စွာ လည်ပတ်နိုင်ရေး စီမံဆောင်ရွက်ပေးဖို့လိုကြောင်း၊ ဘဏ္ဍာရေးစည်းမျဉ်း လုပ်ထုံးလုပ်နည်းများနှင့် အညီ ကြိုတင်ပြင်ဆင်၍ ဝိုင်းဝန်းဆွေးနွေးအကြုံပြုကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးဦးဇော်ဝမ်းက နွေစပါးနှင့်ပဲတီစိမ်းစိုက်ဧရိယာ များအပေါ် အခြေခံကာ ပြည်နယ်စီးပွားမြှင့်တင်နိုင်ရေးဆွေးနွေးတင်ပြပြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ပြည်နယ်ဦးစီးမှူးက ၂၀၂၁-၂၀၂၂ ခုနှစ်၊ နွေစပါးနှင့် ပဲတီစိမ်းသီးနှံများ၏ လအလိုက်စိုက်ပျိုးပြီးနိုင်မှုအခြေအနေနှင့် ထွက်ရှိမှု(အထွက်နှုန်း)အခြေအနေများကို ရှင်းလင်း တင်ပြကာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးက မြစိမ်းရောင်စီမံကိန်း ဆောင်ရွက်သည့်အခြေခံမူများနှင့်စည်းမျဉ်းစည်းကမ်းများကို ဆွေးနွေးတင်ပြသည်။
ယင်းနောက် မြန်မာလယ်ယာဖွံ့ဖြိုးရေးဘဏ် ပြည်နယ်မန်နေဂျာက ချေးငွေဆိုင်ရာကိစ္စရပ်များကို အကြုံပြု ဆွေးနွေးတင်ပြပြီး စိုက်ပျိုး ရေးဦးစီးဌာန (ဘားအံ၊ ကော့ကရိတ်၊ မြဝတီ၊ ဖာပွန်၊ သံတောင်ကြီး၊ ကြာအင်းဆိပ်ကြီး) ခရိုင်ဦးစီးမှူးများက နွေးစပါးနှင့်ပဲတီစိမ်းစိုက်ဧရိယာအပေါ် အခြေခံကာ ချေးငွေလိုအပ်ချက်များကို ဆွေးနွေးတင်ပြကြကာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးများက ခရိုင်အလိုက်သုံးသပ်ဆွေးနွေးတင်ပြကြသည်။
ဆက်လက်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဖြည့်စွက်ဆွေးနွေးတင်ပြကြပြီး အစည်း အဝေးသို့ တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကာကာ ကရင်ပြည်နယ် ဝန်ကြီးချုပ်က နယ်မြေဒေသ အခြေအနေနှင့်ကိုက်ညီပြီး ဆောင်ရွက်သင့်သည့် ရပ်ကွက်/ကျေးရွာများကို ဦးစားပေးရွေးချယ်ဆောင်ရွက်ရန် မှာကြားပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။
စောမျိုးမင်းသိန်း