သာယာဝတီမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ဝန်ဆောင်မှုပေး

သာယာဝတီ ဩဂုတ် ၁၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာဖတ်ရှိန်မြင့်မားလာပြီး စာအုပ်စာပေကောင်း များကို လေ့လာရှာမှီးတတ်စေရန် ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက်စနစ် Mobile သုံးဘီးယာဉ်ဖြင့် ပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများအား စာအုပ်များ ငှားရမ်းဝန်ဆောင်မှုပေးခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်(၁၀)နာရီက အခြေခံပညာမူလတန်းကျောင်း ဇရပ်ကြီးကျေးရွာနှင့် အောက်လက်ပန်ခုံကျေးရွာများသို့ ရွေ့လျားစာကြည့်တိုက်စနစ် Mobile Library သုံးဘီးယာဉ်ဖြင့် ကွင်းဆင်း၍ သုတရသစာအုပ်များအား အခမဲ့ငှားရမ်းခြင်း၊ ကျောင်းသား၊ ကျောင်းသူများအား ပုံပြင်များပြောပြခြင်း၊ ကဗျာရွတ်ဆိုခြင်းများ ပြုလုပ်ပေးခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် သာယာ၀တီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ဝန်ထမ်းများက စာကြည့်တိုက်သို့မလာရောက်နိုင်သည့် ပြည်သူများနှင့် ၎င်းတို့မိသားစုဝင်များ၊ ကျောင်းသား/ကျောင်းသူများ၊ စာဖတ်ပရိသတ်များအား စာအုပ်စာပေကို လေ့လာဖတ်ရှုမှု ပိုမိုတိုးပွားလာစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိဉာဏ်ပညာဗဟုသုတများတိုးပွားလာစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် စာဖတ်ရှိန် မြှင့်တင်ရေးကို ရည်ရွယ်၍ Mobile  သုံးဘီးယာဉ်ဖြင့် သုတ၊ ရသ၊ ရုပ်ပြ၊  မဂ္ဂဇင်း/စာစောင်  စသည့်စာအုပ်ပေါင်း ၁၀၀ ကျော်ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့ရာ ပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများက စိတ်အားထက်သန် ပျော်ရွှင်စွာဖြင့် ငှားရမ်းဖတ်ရှုခဲ့ကြသည်။

ယခုကဲ့သို့ စာအုပ်များငှားရမ်းဆောင်ရွက်ပေးခြင်းမှာ စာပေတန်ဖိုးကို ချစ်မြတ်နိုးပြီး စာအုပ်စာပေဖတ်ရှုခြင်း၊ ပုံပြင်များပြောပြစေခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများ သိရှိစေရန်၊ စာအုပ်စာပေကောင်းများကို လေ့လာရှာမှီးတတ်စေပြီး စာပေဖတ်ရှုမှု ပိုမိုတိုးတက် မြင့်မားလာစေရန်နှင့် အလုပ်တာဝန်များကြောင့် မအားမလပ်ဖြစ်နေသူများ၊ အချိန်မရ၍ စာကြည့်တိုက်သို့ စာအုပ်စာပေများ လာရောက်ငှားရမ်းနိုင်ခြင်းမရှိသူများကို ရည်ရွယ်ပြီး ယခုလို ကျေးရွာအရောက် ကွင်းဆင်းငှားရမ်းပေးခြင်းဖြစ်ကြောင်း သိရသည်။

သာယာ၀တီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ထိုသို့ Mobile သုံးဘီးယာဉ်ဖြင့် ရပ်ကွက်များ/ကျေးရွာများသို့ နယ်လှည့် စာကြည့်တိုက်စနစ်ဖြင့်စာအုပ် စာစောင်များ ငှားရမ်းခြင်းကို အပတ်စဉ်ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သန့်ဇော်