ဂန့်ဂေါ ဩဂုတ် ၁၇
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်အဆင့် ဌာနဆိုင်ရာများတွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လွင်ဦးက ခရိုင်ကျန်းမာရေးဦးစီးဌာနအနေဖြင့် စာသင်ကျောင်းများနှင့် ရပ်ကွက်များတွင် သွေးလွန်တုပ်ကွေးအန္တရာယ်ကို ကာကွယ်နိုင်ရန်အတွက် အဘိတ်ဆေးခတ်ခြင်းများကို တွင်ကျယ်စွာပြုလုပ်နိုင်ရန် စီစဉ်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မြို့နယ်များအနေဖြင့် ကာကွယ်ဆေးထိုးမည့် လုပ်ငန်းများကို စနစ်တကျ စီမံဆောင်ရွက်ကြရန် မှာကြားလိုကြောင်း ပြောကြားသည်။
ယင်းနောက် အစည်းအဝေးသို့တက်ရောက်လာသည့် ဌာနဆိုင်ရာအကြီးအကဲများက ဇူလိုင်လတွင်ပြုလုပ်ခဲ့သည့် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော် ပြီးစီးမှုအခြေအနေများ၊ ဌာနလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေ၊ ကြုံတွေ့နေရသည့် လုပ်ငန်းအခက်အခဲများကို ဆွေးနွေးတင်ပြခဲ့သည့်အပေါ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လွင်ဦးက လိုအပ်သည်များကို သက်ဆိုင်ရာဌာနများနှင့် ဖြည့်ဆည်းညှိနှိုင်း ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ထင်အောင်နိုင်(ဂန့်ဂေါ)၏