ကမမောင်း ဩဂုတ် ၁၇
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် မူးယစ်ဆေးဝါးများ၏ ဆိုးကျိုးအန္တရာယ်များအကြောင်းနှင့် လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးအကြောင်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၁)နာရီအချိန်က ကမမောင်းမြို့ အမှတ်(၁)အခြေခံပညာအလယ်တန်း ကျောင်း၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ဖာပွန်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နန်းခင်ခင်ထွန်းက စိတ်ကြွရူးသွပ်ဆေးဝါးဆိုသည်မှာ အက်ဖီဒရင်း၊ ကာဖင်းစသော ဓာတုပစ္စည်းများကို အခြေခံကာ လူတို့ပြုလုပ်ဖန်တီးထားသော ဆေးတစ်မျိုးဖြစ်ကြောင်း၊ စိတ်ကြွရူးသွပ်ဆေးသုံးစွဲလျှင် ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုများအနေဖြင့် မျက်စိသူငယ်အိမ် ကျယ်ခြင်း၊ ချွေးထွက်များခြင်း၊ အစားအသောက်ပျက်ခြင်း၊ အသက်ရှူမြန်ခြင်း စသော လက္ခဏာများ ဖြစ်ပေါ်တတ်ပြီး စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများအနေဖြင့်စကားများခြင်း၊ မိမိ ကိုယ်ကို အထင်ကြီးစိတ်ဝင်ခြင်း၊ ဘဝင်မြင့်ခြင်း၊ ရုတ်တရက်ရူးသွပ်ခြင်း၊ ဂဏှာမငြိမ်ခြင်းနှင့် စိုးရိမ်ကြောက်လန့်စိတ်များခြင်းစသည့်လက္ခဏာများ ဖြစ်တတ်ကြောင်းရှင်းလင်း ပြောကြားပြီး ကမမောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက် လက်ထောက်-၃ (အင်အားပြ)ဒေါ်တင်တင်လှက လူကုန်ကူးသူများအသုံးပြုသောနည်းလမ်းများ၊ လူကုန်ကူးသူက ခေါင်းပုံဖြတ်ခြင်းများ၊ သတိပြုရမည့်သူများ လူကုန်ကူးခံရသူကို အကူအညီပေးရမည့် လိုအပ်ချက်များအကြောင်းကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဝန်ထမ်းများက မူးယစ်ဆေးဝါးများ၏ ဆိုးကျိုးအန္တရာယ်များအကြောင်းအသိပညာပေးနံရံကပ်စာစောင်များကို ပြသခဲ့ကြောင်းသိရသည်။
သန့်ဇင်(ကမမောင်းပြန်/ဆက်)