ဒေးဒရဲမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားသော အသက်(၂)နှစ်အောက် ကလေးများအား (MCCT) အစီအစဉ်အရ ငွေကြေးထောက်ပံ့ပေးအပ်ပွဲကျင်းပ

ဒေးဒရဲ သြဂုတ် ၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ် (ဧပြီ၊ မေ၊ ဇွန်) လများအတွက် MCCT အစီအစဉ်အရ ကိုယ်ဝန်ဆောင် မိခင်များနှင့် ၎င်းတို့ မွေးဖွားသော အသက်(၂)နှစ်အောက် ကလေးများအား ငွေကြေးထောက်ပံ့ပေးအပ်ပွဲကို  ယမန်နေ့ မွန်းလွဲ (၂)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်က ယခုထောက်ပံ့ ပေးအပ်သည့် ငွေကြေးများသည် လူ့ဘဝအစ ရက်(၁၀၀၀)အတွင်း အာဟာရနှင့် ကျန်းမာရေး ဆိုင်ရာ လိုအပ်ချက်များ ပြည့်မီ၍ ကလေးသူငယ်များ၏ ဦးနှောက်နှင့် ခန္ဓာကိုယ် ကောင်းစွာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကိုယ်ဝန်ဆောင်များ အနေဖြင့်လည်း ကျန်းမာရေးစောင့်ရှောက်မှု ခံယူနိုင်ရန် အထောက်အပံ့ဖြစ်စေရေးအတွက် ပေးအပ်ခြင်းဖြစ် ကြောင်း အမှာစကားပြောကြားသည်။

ဆက်လက်၍ ဖျာပုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးအေးကျော်က MCCT လုပ်ငန်းစဉ် များအား ရှင်းလင်းပြောကြားပြီး ဒေးဒရဲမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးမှူး ဒေါ်နီနီမြင့်က MCCT အစီအစဉ် ထောက်ပံပေးခြင်းနှင့် ပတ်သက်၍ ညွှန်ကြားချက် များအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဖျာပုံခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးအေးကျော်က ဒေးဒရဲမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်ဦးရေ (၁၄၉၈)ဦးနှင့် (၂)နှစ်အောက် ကလေးငယ် (၄၂၃၉)ဦးအတွက် တစ်လလျှင်(၁၅၀၀၀)ကျပ်နှုန်းဖြင့် (၃)လစာ ခံစားခွင့်ရှိသူအား (၄၅၀၀၀)ကျပ်၊ (၂)လစာ ခံစားခွင့်ရှိသူအား (၃၀၀၀၀)ကျပ်နှင့် တစ်လစာ ခံစားခွင့်ရှိသူအား (၁၅၀၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေ (၂၄၆၀၄၅၀၀၀)ကျပ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။

ထိုမှတစ်ဆင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေး ဝန်ထမ်းများထံသို့ အဆိုပါ ထောက်ပံ့ငွေများအား လွှဲပြောင်းပေးအပ်ခဲ့ပြီး ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေး အဖွဲ့များမှ မိမိတို့အပိုင် ရပ်ကွက်၊ ကျေးရွာအတွင်းရှိ  အကျိုးခံစားခွင့် ရှိသူများထံသို့ လက်ဝယ်အရောက် ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အေဇာလင်း