မြေဆီလွှာဓာတ်ခွဲသေတ္တာအား အသုံးပြု၍ လက်တွေ့အသိပညာပေးခြင်းများ ဆောင်ရွက်

မုံရွာ ဩဂုတ် ၁၇

စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန မြေအသုံးချရေးဌာနခွဲမှ စိုက်ပျိုးသူ ဒေသခံတောင်သူများအတွက် မြေချဉ်၊ မြေငံ၊ ကိန်းကဏန်းနှင့် မြေဆီလွှာတွင် အပင်အတွက် အဓိကလိုအပ်သည့် နိုက်ထရိုဂျင်နှင့် ဖောစပရပ် အာဟာရဓာတ်ပါဝင်မှုတို့ကို မြေဆီလွှာဓာတ်ခွဲသေတ္တာအား အသုံးပြု၍ တိုင်းတာနိုင်ကြောင်း ယမန်နေ့ နံနက်ပိုင်းက အဆိုပါရုံးတွင် လက်တွေ့အသိပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိရာ စိတ်ပါဝင်စားသူများ ဝယ်ယူသုံးစွဲလျက်ရှိကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့်မြို့နယ်များမှ တောင်သူများအနေဖြင့် ဓာတ်မြေဩဇာများ ဈေးကြီးပေးဝယ်ယူသုံးစွဲရာတွင် မိမိတို့မြေ၏ မြေဆီလွှာ အာဟာရဓာတ် ပါဝင်မှုအနည်းအများကို သိရှိထားနိုင်ရန်အတွက် မြေဆီလွှာဓာတ်ခွဲသေတ္တာအား အသုံးပြု၍ တိုင်းတာပြီး ထိရောက်သော မြေဩဇာနှုန်းထားများကို ထည့်သွင်းနိုင်မှာဖြစ်ကာ ကုန်ကျစရိတ်ကိုလည်း ချင့်ချိန်နိုင်မှာဖြစ်ကြောင်းနှင့် မြေနှင့်သင့်တော်သည့် ဖြစ်ထွန်းမည့် သီနှံအမျိုးအစားများကို ရွေးချယ်စိုက်ပျိုးနိုင်မှာဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန မြေအသုံးချရေးဌာနခွဲမှ တာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။

ထို့အပြင် မိမိတို့စိုက်ပျိုးထားသော မြေဆီလွှာကို စိုက်ခင်းအတွက် တစ်ပိုင်တစ်နိုင် ဓာတ်ခွဲစစ်ဆေးနိုင်ပြီး ထိထိ‌ရောက်ရောက် လိုအပ်သော ဓာတ်မြေဩဇာများ ထည့်သွင်းနိုင်ရေးနှင့် မြေချဉ်၊ ငံ၊ ကိန်းအရ သင့်တော်သော စိုက်ပျိုးသီးနှံများ ရွေးချယ်စိုက်ပျိုးနိုင်ရေးအတွက် မြေဆီလွှာဓာတ်ခွဲသေတ္တာများကို မရှိမဖြစ် သုံးစွဲသင့်ပါကြောင်းနှင့် သုံးစွဲပုံအဆင့်ဆင့် နည်းပညာများကိုလည်း သင်ကြားပေးလျက်ရှိပါကြောင်း၊ ဝယ်ယူအသုံးပြုလိုသူများအား တိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးရေးသုတေသနနှင့် စိုက်ပျိုးရေးဦးစီးဌာနဌာနတို့နှင့် ချိတ်ဆက်မှာယူနိုင်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)