အသိပညာပေးဟောပြောပွဲ၊  နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲနှင့်  ကာယ၊ ဉာဏပြိုင်ပွဲများကျင်းပ

ဘုတ်ပြင်း ဩဂုတ် ၁၇

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲနှင့် ကာယ၊ ဉာဏပြိုင်ပွဲများကို ယနေ့နံနက် (၁၀) နာရီအချိန်က Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဘုတ်ပြင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဖြူဖြူသိန်းက လူကုန်ကူးမှုရဲ့အဓိပ္ပာယ်၊ လူကုန်ကူးအန္တရာယ်နှင့်ပတ်သက်၍ ဆောင်ရန်ရှောင်ရန် သိကောင်းစရာများ၊ စာအုပ်စာပေလေ့လာဖတ်ရှုခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူးများအား အသိပညာပေးပြောကြားသည်။

ယင်းနောက် လူကုန်ကူးမှုတားဆီးကာကွယ်ရေးနေ့ အထိမ်းအမှတ်အဖြစ် နံရံကပ်စာစောင်နှင့် မှတ်တမ်းဓာတ်ပုံများ၊ စာအုပ်စာစောင်များကိုပြသရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြသည်။

ဆက်လက်၍ ကာယ၊ ဉာဏပြိုင်ပွဲများအဖြစ် စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ အရောင်ရွေးပြိုင်ပွဲ၊ ဒိုးဆက်ပြိုင်ပွဲနှင့် စာအုပ်ရွက်ပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲများ ကျင်းပပြုလုပ်ရာ ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ပြီး မြို့နယ်ဦးစီးမှူးက အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)