ကော့သောင်း သြဂုတ် ၁၇
တနင်္သာရီတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲ တစ်ရပ်ကို ယမန်နေ့နံနက်ပိုင်းက ကော့သောင်းမြို့အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
ပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားပြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှူး ဒေါ်မေသန်းနိုင်နှင့် ဦးစီးအရာရှိ ဦးဇော်ဝင်းမောင်တို့က အစားအသောက်၊ ဆေးဝါး၊ ဆေးပစ္စည်း၊ လူသုံးကုန်နှင့်အလှကုန်များ ဘေးအန္တရာယ်ကင်းရှင်းစေရေး သိကောင်းစရာများကိုလည်းကောင်း ကော့သောင်းခရိုင် စားသုံးသူရေးရာဦးစီးဌာနမှူး ဒေါ်မြသီတာက စားသုံးသူအခွင့်အရေး (၈) ချက်ကို ရှင်းလင်းဟောပြောခဲ့ပြီး အစားအသောက်ဘေးကင်းရေး၊ ကျန်းမာရေးထိခိုက်စေသည့် ဆိုးဆေးနှင့် တာရှည်ခံဓာတုဆေးများ၊ အန္တရာယ်ကင်းသော အစားအစာရရှိရေးအတွက် အဓိကဆောင်ရွက် ရမည့်အချက် (၅) ချက်ပါဝင်သည့် ပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့သည်။
ဟောပြောပွဲအပြီးတွင် ကျောင်းသား၊ ကျောင်းသူများအား မေးခွန်းများမေးမြန်းခဲ့ပြီး ဖြေဆို သူများအား၊ တစ်ခါသုံးပါးစပ်နှာခေါင်းစီးများ၊ ဘောပင်များ လက်ဆောင်ပေးအပ်ကာ ကျောင်းမုန့်ဈေးတန်းအား လိုက်လံစစ်ဆေး၍ ယိုစုံမုန့်များအားတိုင်းဒေသကြီး (FDA) ဓာတ်ခွဲခန်းတွင် ခွင့်မပြုဆိုးဆေးများ ပါဝင်ခြင်းရှိ/မရှိ ဓာတ်ခွဲစစ်ဆေးရန် နမူနာဝယ်ယူ ခဲ့ကြကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း)