ဘားအံ ဩဂုတ် ၁၇
ကရင်ပြည်နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)အောက်ကလေး သူငယ်များအား ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ်၊ ပထမသုံးလပတ် (ဧပြီ၊ မေ၊ ဇွန်) လအတွက် ငွေကြေးထောက်ပံ့ပေးအပ်သည့် အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ကိုယ်ဝန်ဆောင်စဉ်နှင့် ရှေးဦးကလေးဘဝသည် လူသားအရင်းအမြစ်၏ အခြေခံအကျဆုံးအပိုင်းဖြစ်ပြီး ဖွံ့ဖြိုးမှုအစဖြစ်သည့်အတွက် အင်မတန်မှအရေးကြီးကာ ကောင်းစွာပံ့ပိုးပေးဖို့လိုပါကြောင်း၊ ကလေးဘဝ၏ အစောပိုင်းရက် (၁၀၀၀) အတွင်း ကောင်းမွန်သော ပြုစုပျိုးထောင်မှုသည် အရေးကြီးသည့်အတွက် အာဟာရပြည့်ဝစွာ စားသောက်နိုင်ရေး၊ ကောင်းမွန်စနစ်ကျသော ကျန်းမာရေး စောင့်ရှောက်မှုရရှိနိုင်ရေး ယခုကဲ့သို့ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း၊ ထောက်ပံ့လိုက်သည့်ငွေကြေးများကို ကိုယ်ဝန်ဆောင်နှင့် ရှေးဦးကလေးဘဝများ အာဟာရပြည့်ဝခြင်း၊ ဉာဏ်ရည်ဖွံ့ဖြိုးခြင်းများ ပြည့်စုံစေရေး ထိရောက်စွာ အသုံးချဖို့လိုအပ်ကြောင်း၊ ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ အတတ်နိုင်ဆုံး ပံ့ပိုးကူညီပေးသွားမည်ဖြစ်ပြီး မိမိတို့ပြည်နယ် နှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်ဝန်းပူးပေါင်းဆောင်ရွက်ကြဖို့လိုကြောင်း ပြောကြားသည်။
ထို့နောက် ကရင်ပြည်နယ်ဝန်ကြီးချုပ်က ဘားအံမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင် (၃၂၀၅) ဦး၊ ကလေး (၇၈၃၃) ဦး၊ စုစုပေါင်း (၁၁၀၃၈) ဦးအတွက် ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်၊ ပထမသုံးလပတ်အတွက် ထောက်ပံငွေ ၄၇၆၂၀၅၀၀၀ ကျပ် (လေးထောင်ခုနှစ်ရာခြောက်သိန်းနှစ်သောင်းငါးထောင်ကျပ်) ကို ဘားအံမြို့နယ်အုပ်ချုပ်ရေးမှူး ထံ ထောက်ပံ့ပေးအပ်သည်။
ယင်းနောက် ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဘားအံခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးများက အခမ်းအနားသို့ တက်ရောက်လာသော အကျိုးခံစားခွင့်ရှိသူ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက်ကလေးငယ်များ အား (၃) လစာထောက်ပံ့ငွေကျပ် ၄၅၀၀၀ (လေးသောင်းငါးထောင်) နှင့် အာဟာဖြည့်စွက်အစားအစာများ ထောက်ပံ့ ပေးအပ်ခဲ့ကြသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၏ မြန်မာနိုင်ငံ အမျိုးသားအဆင့် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ မဟာဗျူဟာစီမံချက်အရ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ်တွင် ကရင်ပြည်နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)အောက် ကလေးသူငယ်စုစုပေါင်း ၃၇၃၆၆ ဦးအတွက် ငွေကျပ်သန်းပေါင်း (၁၅၈၅ ဒသမ ၆၀၅) ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး ကိုယ်ဝန်ဆောင်စဉ်နှင့် ရှေးဦးကလေးဘဝအစအရေးကြီးသော အာဟာရဖွံ့ဖြိုးမှုရရှိစေရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ ခံယူနိုင်စေရေး၊ လူ့ဘဝအစရက်ပေါင်း (၁၀၀၀) အတွင်း အာဟာရနှင့်ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များပြည့်မီ၍ ကလေးငယ်များ၏ ဦးနှောက်နှင့်ခန္ဓာကိုယ် ကောင်းစွာဖွံ့ဖြိုးတိုးတက်စေရေး ရည်ရွယ်ထောက်ပံ့ခြင်းဖြစ်သည်။
စောမျိုးမင်းသိန်း (ပြန်/ဆက်)