ဘားအံမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး သုတ/ရသ စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေး

ဘားအံ  ဩဂုတ်  ၁၆

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကျောင်းသား/သူများ၊ လူငယ်များ စာဖတ်စွမ်းရည် မြင့်မားလာစေရေး နှင့် စာဖတ်ခြင်းအလေ့အကျင့်ကို ရရှိစေရန်ရည်ရွယ်၍  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင်၊ ရွေ့လျားစာကြည့်တိုက် (Mobile Library) မော်တော်ယာဉ်ဖြင့် သင်တန်းကျောင်းများ၊ ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များ၊ အခြေခံပညာကျောင်းများအရောက် စာအုပ်စာစောင်များ ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အ-ထ-က(၂)၊ ဆည်မြောင်းဦးစီးဌာန၊ ရက်ကန်းသင်တန်းကျောင်းများသို့  အခမဲ့ စာအုပ်စာစောင်များ ငှားရမ်းပေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ  Mobile Library မော်တော်ယာဉ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးမှုနှင့်ပတ်သက်၍ ရက်ကန်းသင်တန်းကျောင်းမှ သင်တန်းသူတစ်ဦးဖြစ်သည့် နန်းဖြူဖြူဝင်းက “ကျွန်မတို့ ရက်ကန်းသင်တန်းကျောင်းမှာ ကျွန်မတို့ရဲ့ ရိုးရာရက်ကန်းအတတ်ပညာများကို သင်ကြားနေတဲ့ကာလအတွင်း အခုလို Mobile Library) မော်တော်ယာဉ်ဖြင့်  စာအုပ်စာစောင်များ လာရောက်ငှားရမ်းပေးသည့်အတွက် ကျွန်မတို့စာအုပ် စာစောင်တွေကို ဖတ်ဖြစ်ခဲ့ပါတယ်၊ စာအုပ်စာစောင်များကို ဖတ်ရှုခြင်းအားဖြင့် ကျွန်မတို့ အတွေးအခေါ်တွေလည်း ရင့်သန်လာပါတယ်၊ ကျွန်မတို့သင်ကြားထားတဲ့ ရက်ကန်းပညာများနဲ့ စာပေကရတဲ့ အသိပညာ ဗဟုသုတတွေနဲ့ ပေါင်းစပ်ပြီးတော့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ ဆောင်ရွက်သွားမှာဖြစ်ပါတယ်၊ ကျေးဇူး တင်ပါတယ်”ဟု ပြောကြားခဲ့ကြောင်း သိရှိရသည်။

ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ရွေ့လျားစာကြည့်တိုက် (Mobile Library) မော်တော်ယာဉ်ဖြင့် စာအုပ်စာစောင်ပေါင်း (၂၅၀၀) ခန့် တင်ဆောင်၍ သင်တန်းကျောင်းများ၊ ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များ၊ အခြေခံပညာကျောင်းများသို့ အခမဲ့ငှားရမ်းပေးရာတွင် E-Library Management System Software အသုံးပြု၍ Digital စနစ်ဖြင့် တနင်္လာနေ့မှ သောကြာနေ့အထိ ငှားရမ်းပေးလျက်ရှိပြီး စာဖတ်ပရိသတ်တစ်ဦးလျှင် (၂) အုပ်နှုန်းဖြင့် (၂) ပတ်အထိ ငှားရမ်းဖတ်ရှုပြီး (၂) ပတ်ပြည့်ပါက စာအုပ်အသစ်ဖြင့် လဲလှယ်ငှားရမ်းပေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ နေ့စဉ် စာအုပ် စာစောင်အုပ်ရေ (၂၀၀) အုပ်ခန့် ငှားရမ်းပေးနိုင်ကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)