ချောင်းဦးမြို့ အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင် ဓာတ်ပုံပြပွဲများပြုလုပ်

ချောင်းဦး သြဂုတ် ၁

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့နံနက် ၁၀နာရီ အချိန်က လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင် ဓာတ်ပုံပြပွဲများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ချောင်းဦးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းပြီး နံနက်၁၀ နာရီအချိန်၌ ချောင်းဦး အ.ထ.ကကျောင်းတွင်တက်ရောက် ပညာသင်ကြားနေသည့် Grade 9 နှင့် Grade 11 (စနစ်သစ်) ကျောင်းသား၊ ကျောင်းသူများအား လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ပြုလုပ်ခဲ့သည်။ ပထမဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးကျော်မှ လူ့ဘဝကို တည်ဆောက် အကောင်အထည်ဖော်ကြရာတွင် ကာယစွမ်းအားဖြင့် တည်ဆောက်သူများရှိသလို ဉာဏစွမ်းအားဖြင့် တည်ဆောက်သူများလည်းရှိကြောင်း၊ ကာယစွမ်းအားဖြင့် တည်ဆောက်ကြရသူတွေ ပင်ပန်းကြသလို ဉာဏစွမ်းအားဖြင့် တည်ဆောက်ကြသူတွေက စိတ်ပင်ပန်းသော်လည်း အရိပ်အမိုးအောက်မှာ ဆောင်ရွက်ကြရကြောင်း၊ ထို့ကြောင့် အချိန်ရှိစဉ်ကာလတွင် သားတို့ သမီးတို့အနေဖြင့် ပညာဖြင့် ဘဝကို တည်ဆောက်ကြစေလိုကြောင်း ပြောကြားသည်။ မြို့နယ်ပညာရေးမှူး ဦးစိန်ချွန်မှလည်း ကျောင်းသားများနှင့် သက်ဆိုင်သည့် စိတ်ဓာတ်၊ စည်းကမ်း၊ ပညာအကြောင်း အကျယ်တဝင့် ဟောပြောခဲ့သည်။ ချောင်းဦး အ..က ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်ဝင်းမှ မိမိတို့ကျောင်းသို့ လူငယ်များနှင့် သက်ဆိုင်သည့် လူငယ်ရေးရာ အသိပညာများ လာရောက်ဟောပြောပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ သားတို့သမီးတို့အနေဖြင့်လည်း နားလည်သဘောပေါက်အောင် စိတ်ဝင်စားစွာ နားထောင် မှတ်သားကြစေလိုကြောင်း ပြောခဲ့သည်။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးထိန်လင်းမှ ဘဝကို ပညာဖြင့် တည်ဆောက်ကြပါစို့ ခေါင်းစဉ်ဖြင့် ဟောပြောရာ ပညာဆိုသည်မှာ ကျောင်းမှသင်ကြားပေးသည့် ပညာတစ်ခုတည်း မဟုတ်ဘဲ ပြင်ပမှ ရရှိသည့် အသိပညာ အတတ်ပညာများလည်းပါကြောင်း၊ ကျောင်းပညာနှင့် အတတ်ပညာ ပူးပေါင်းပြီး ဘဝကို တည်ဆောက်ကြစေလိုကြောင်း၊ ယခုအချိန်တွင် လူငယ်များမှာ ဖုန်းတစ်လုံးဖြင့် အချိန်ကုန်ဆုံးနေကြောင်း၊ အချိန်အားလျှင် စာအုပ်စာပေများကို ဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများ ရယူစေလိုကြောင်း ​ဟောပြောခဲ့သည်။ မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှ ဘက်စုံသားဖွားဆရာမ ဒေါ်စုမြတ်သင်းမှလည်း ကျောင်းသားကလေးငယ်များအတွက် သွေးလွန်တုတ်ကွေး ရောဂါအကြောင်း၊ ဖြစ်ပွားပုံ၊ ကြိုတင်ကာကွယ်ရန်နည်းလမ်းများကို ဟောပြောခဲ့သည်။

ထို့နောက် အခန်းအနားသို့ တက်ရောက်လာသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အခြေခံပညာကျောင်းဆရာ၊ ဆရာမများ၊ ဟောပြောပွဲသို့ တက်ရောက်နားထောင်နေသည့် ကျောင်းသား၊ ကျောင်းသူများမှ ချောင်းဦး အ..က စာကြည့်အတွင်းတွင် ပြသထားသည့် လူငယ်များနှင့် သက်ဆိုင်သည့် ဗဟုသုတရဖွယ် စာအုပ်စာစောင်များ၊ စာကြည့်တိုက် အပြင်ဘက်တွင် ပြသထားသည့် မူးယစ်ဆေးဝါးအကြောင်း သိကောင်းစရာ နံရံကပ်စာစောင် ဓာတ်ပုံများအား တက်ရောက်လာသူများမှ လေ့လာ၊ ဖတ်ရှု၊ ကြည့်ရှုခဲ့ကြောင်း သိရပါသည်။

ဝင်းမြင့်အောင်(ပြန်ဆက်)