ပခုက္ကူမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး တွေ့ဆုံ ဆွေးနွေး

ပခုက္ကူ ဩဂုတ် ၁၇

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးရွာများ၌ ဒေသဖွံ့ဖြိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ တွေ့ဆုံပွဲကို ယမန်နေ့ နံနက် ၉နာရီအချိန်က  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ရုံးခန်းမ၌ ကျင်းပသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် ပခုက္ကူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးမိုးက မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူလူထုများနှင့်တွေ့ဆုံကာ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများအပါအဝင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက်  လုပ်ငန်းစဉ်များအကြောင်း ရှင်းလင်းပြီး သက်ဆိုင်ရာဌာနဆိုင်ရာများ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။

ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များဖြစ်ကြသော အမှတ်(၁၀၁)ခြေမြန်တပ်မဌာနချုပ်မှ ဗိုလ်မှူး အောင်မျိုးသူနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်စိုးတို့က ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်မည့်အခြေအနေတို့ကိုလည်းကောင်း၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများက ကျေးရွာရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများ တွေ့ဆုံကာ ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြှင့်မားလာစေရေးတို့အတွက် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေးစသည့် ကဏ္ဍများအလိုက် အသိပညာပေးခြင်းနှင့် လိုအပ်သည့်နည်းပညာများ ပံ့ပိုးကူညီခြင်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်မည့်အခြေအနေများ၊ အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း နိုင်ငံသားစိစစ်ရေး ကဒ်ပြားကိုင်ဆောင်နိုင်ရေး ဆောင်ရွက်ပေးမည့်အခြေအနေများ၊ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးခြင်း၊ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးမည့် အခြေအနေတို့နှင့်ပတ်သက်၍ အသီးသီးရှင်းလင်းဆွေးနွေးကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)