လေးမျက်နှာမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် ၂ နှစ်အောက် ကလေးများအား ထောက်ပံ့ကြေးငွေများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကျင်းပ

လေးမျက်နှာ ဩဂုတ် ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် အထွေထွေအုပ်ချူပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက်ပိုင်း၌ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စု(၄၈)အုပ်စုမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် ၂ နှစ်အောက် ကလေးများအား ထောက်ပံ့ကြေးငွေများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနား ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် လေးမျက်နှာမြို့နယ် လူမှုဝန်ထမ်းရုံးမှ ဦးစီးအရာရှိ ဒေါ်စန်းစန်းဝင်းမှ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု (၄၈)အုပ်စုမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် ၂ နှစ်အောက် ကလေးသူငယ်များအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပထမ(၃)လပတ်အတွက် နိုင်ငံတော်မှ ထောက်ပံ့ကြေးငွေများ ထောက်ပံ့ပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြား ခဲ့သည်။ ထို့နောက် လေးမျက်နှာမြို့နယ် စီမံအုပ်ချူပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဆိုင်နှင့် အဖွဲ့ဝင်များမှ ကိုယ်ဝန်ဆောင်မိခင် (၈၅၂)ဦးနှင့် အသက် ၂ နှစ်အောက် ကလေးသူငယ် (၂,၀၃၉) ဦး၊ စုစုပေါင်း (၂,၈၉၁) ဦးတို့အား ငွေကျပ် (၁၂၃,၆၉၀,၀၀၀) သိန်းကျပ်ကို ကျေးရွာရပ်ကွက် အုပ်ချူပ်ရေးမှူးများ ထံသို့ လွဲပြောင်းပေးအပ်ခဲ့သည်။

လေးမျက်နှာမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု (၄၈) အုပ်စုရှိပြီး ကိုယ်ဝန်ဆောင် မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးသူငယ်များအား တစ်လလျှင် ကျပ် ၁၅,၀၀၀ ဖြင့် ၃ လ တစ်ကြိမ် ငွေကျပ် ၄၅,၀၀၀ ထောက်ပံ့ ပေးအပ်ခဲ့သည်။ အဆိုပါအခမ်းအနားသို့ ရပ်ကွက်/ ကျေးရွာအုပ်စု(၄၈)အုပ်စုမှ အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

ကျော်ဟိန်း(ပြန်/ဆက်)