ရွှေဘို၊ စက်တင်ဘာ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် လူမှုဝန်ထမ်းဦးစီးဌာနက တာဝန်ယူပြီး ရွှေဘိုခရိုင်အတွင်းရှိ ထောက်ပံကြေး တစ်ကြိမ်တစ်ခါမှ မရရှိဘူးသေးသည့် မသန်စွမ်းသူများကို ကိုဗစ်-၁၉ကာလ စီးပွားရေးထိခိုက်မှု သက်သာရေးအစီအစဉ်အနေဖြင့်တစ်ဦးလျှင် ကျပ်သုံးသောင်းကျပ်ကို အဖွဲ့ခွဲ၍ အိမ်တိုင်ရာရောက် ထောက်ပံခြင်းကို ယမန်နေ့က စ၍ ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ မသန်စွမ်းသူများ ထောက်ပံ့မှု နှင့်ပတ်သက်ပြီး လူမှုဝန်ထမ်းဦးစီးဌာန၊ ရွှေဘိုခရိုင် ဦးစီးအရာရှိ ဒေါ်နွယ်နွယ်အောင်က ယခုထောက်ပံ့မှုသည် ထောက်ပံ့ကြေး တစ်ကြိမ်တစ်ခါမှ မရရှိသူများကို ထောက်ပံခြင်း ဖြစ်ကြောင်း၊ မသန်စွမ်းဦးရေအနေဖြင့် ရွှေဘိုမြို့နယ်မှ ၁၃၆၀ဦး၊ ခင်ဦးမြို့နယ်မှ ၆၄၇ဦး၊ တန့်ဆည်မြို့နယ်မှ ၁၁၂၈ ဦး၊ ဒီပဲယင်းမြို့နယ်မှ ၄၈၁ဦး၊ ရေဦးမြို့နယ်မှ ၉၃၉ဦးနှင့် ဝက်လက်မြို့နယ်မှ ၁၂၇၄ ဦးစုစုပေါင်း ၅၈၂၉ ဦးကိုထောက်ပံ့ပေးခြင်းဖြစ်ကြောင်း သိရသည်။
ယခင်နှစ်ထောက်ပံ့ကြေးရရှိသည့် မသန်စွမ်းသူများ မပါဝင်ကြောင်း ၎င်းကပြောကြားသည်။
စိုးသီဟ(ရွှေဘို)