ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံအမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲဆုချီးမြှင့်

ဘားအံ ဩဂုတ် ၁၇

၂၀၂၂ ခုနှစ် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံ အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ဩဂုတ်လ ၁၅ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က ဘားအံမြို့၊ အောင်သံလွင်အားကစားကွင်း၌ ကျင်းပခဲ့သည်။

ဦးစွာ ဗိုလ်လုပွဲစဉ်အဖြစ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာနဘောလုံးအသင်းနှင့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနဘောလုံးအသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ကြရာ ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဘောလုံး အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးခဲ့ကြပြီး အဆိုပါဗိုလ်လုပွဲစဉ်တွင် ပွဲကစားချိန်မိနစ်(၉၀)၌ ဂိုးမသွင်းနိုင်ကြဘဲ  အချိန်ပိုရောက်မှသာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဘောလုံးအသင်းက တစ်ဂိုးဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။

ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ကရင်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည် နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်ဘောလုံးဆပ်ကော်မတီ ဥက္ကဋ္ဌနှင့်ပြည်နယ်အားကစားမှူးတို့က ကြက်ခြေနီတပ်ဖွဲ့နှင့်ဒိုင်အဖွဲ့တို့အား ဂုဏ်ပြုငွေ၊ ပူးတွဲတတိ ယဆုရရှိသော သယံဇာတရေးရာဝန်ကြီးဌာနနှင့် စီးပွားရေးရာဝန်ကြီးဌာနဘောလုံးအသင်း၊ ဒုတိယ ဆုရရှိသော လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာနဘောလုံးအသင်း၊ ပထမဆုရရှိသောအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဘောလုံးအသင်းတို့အား တစ်ဦးချင်းလည်ဆွဲဆုများ၊ နေရာအလိုက် အကောင်းဆုံးအားကစားသမားဆုများ၊ နှစ်သိမ့်ဆုရရှိသောအသင်းများအားငွေသားဆုများ၊ ပူးတွဲ တတိယဆုရ ရှိသောအသင်းများနှင့် ဒုတိယဆုရရှိသောအသင်းတို့အား ငွေသားဆုနှင့်ဆုကလပ်များကို ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ကရင် ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက အနိုင်ရဗိုလ်စွဲသွားသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဘောလုံးအသင်းအား ငွေသားဆု(၁၀) သိန်းနှင့် တံခွန်စိုက်ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)