ပန်းတနော်မြို့နယ်၌ မြစ်ကမ်းပါးပြိုကျမှုကြောင့် နေအိမ်(၁၅)လုံး ကြိုတင်ပြောင်းရွေ့

ပန်းတနော်၊ သြဂုတ် ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၌ ဧရာဝတီမြစ်ရေပြန်ကျပြီး မြစ်ကမ်းပါးပြိုကျမှုကြောင့် ယမန်နေ့ နံနက် ၁၀ နာရီက တောကျောင်းကျေးရွာအုပ်စုတွင် လူနေအိမ် (၁၅)လုံး ကြိုတင်ပြောင်းရွေ့ ခဲ့ရသည်။

အဆိုပါ မြစ်ကမ်းပါပြိုကျမှုကြောင့် မြစ်ကမ်းနှင့်နီးသော တောကျောင်းကျေးရွာအုပ်စု နံဂါတ်ရိုးကျေးရွာရှိ နေအိမ် (၁၄)လုံး ကျောင်းတော်ကလေးကျေးရွာရှိ နေအိမ် (၁)လုံး စုစုပေါင်း နေအိမ် (၁၅)လုံး၊ အိမ်ထောင်စု (၁၅)စုတို့သည် ကမ်းလွတ်ရာဖြစ်သော နီးစပ်သည့် ဆွေမျိုးသားချင်း နေအိမ်များ၌ ယာယီပြောင်းရွေ့နေထိုင်လျက်ရှိပြီး ကမ်းလွတ်သည့် မြေကွက်လပ်များပေါ်သို့ နေအိမ်များပြန်လည်ဆောက်လုပ်နိုင်ရန် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာနေပြည်သူများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပန်းတနော်မြို့နယ်တွင် မိုးရာသီရောက်တိုင်း ဧရာဝတီမြစ်ရေ အတက်အကျရှိပြီး မကြာခန မြစ်ကမ်းပါးပြိုကျမှု ဖြစ်ပွားလျက်ရှိရာ နှစ်စဥ်မြစ်ကမ်းနှင့်နီးသော နေအိမ်များ ကြိုတင်ပြောင်းရွေ့ နေထိုင်ရကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

ပြည့်ဖြိုးကျော်(ပြန်/ ဆက်)