ပေါက်ခေါင်း ဩဂုတ် ၁၆
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းပြုလုပ်သည့် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(အိုးဘိုကုန်း)၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချစ်နှင်းသုန်က လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲပြုလုပ်ရသည့် ရည်ရွယ်ချက်နှင့် “စာဖတ်ဖို့သာမက ပညာတတ်ဖို့ပါကြိုးစားကြ” ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပြီး၊ မြို့နယ်အားကစားမှူး ဦးစိုးနိုင်က အသိပညာပေးဟောပြောရာတွင် လူငယ်များဗလငါးတန်နှင့် ပြည့်စုံပြီး ထူးချွန်ထက်မြက်သော အားကစားကစားသမားများ ပေါ်ထွန်းလာစေရန်နှင့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ဖြစ်ပေါ်လာစေရေးအတွက် မိမိတို့ဝါသနာပါသည့် အားကစားနည်းများကိုလည်း ကြိုးစားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း စသည်ဖြင့် အသိပညာပေး ပြောကြားခဲ့သည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက နယ်လှည့်စာကြည့်တိုက်လုပ်ငန်းအဖြစ် ကျောင်းသား၊ကျောင်းသူများအား ရုပ်ပုံပါစာအုပ်ဖြင့် ပုံပြင်ပြောပြခြင်း၊ စာအုပ်များဖတ်ရှုစေခြင်းနှင့် အသိပညာပေး နံရံကပ်စာစောင်များ ပြသပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)