စစ်ကိုင်းတိုင်းဒေသကြီးအဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာကျင်းနိုင်ရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေး

စစ်ကိုင်း ဩဂုတ် ၁၆

(၂၃)ကြိမ်မြောက်၊ စစ်ကိုင်းတိုင်းဒေသကြီးအဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ဩဂုတ်(၁၆)ရက်၊ နံနက်ပိုင်းက စစ်ကိုင်းပညာရေးတက္ကသိုလ်ရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတင်သန်းဝင်းက (၂၃)ကြိမ်မြောက်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းကော်မတီများဖွဲ့စည်းတာဝန်ပေးအပ်ထားပြီးဖြစ်ကြောင်း မိမိတို့ကော်မတီအလိုက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အခက်အခဲများရှိက တင်ပြ ဆွေးနွေးပေးကြစေလိုကြောင်းဆွေးနွေး ပြောကြားကာ တက်ရောက်လာကြသည့် ဌာနဆိုင်ရာလုပ်ငန်း ကော်မတီများ၊ အနုပညာရှင်အကဲဖြတ်ဒိုင်အဖွဲ့များ၊ ပြိုင်ပွဲဝင်များက ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြကြရာ တင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးနှင့် တာဝန်ရှိသူများက လုပ်ငန်းအောင်မြင်ရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

တိုင်းဒေသကြီးအဆင့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကို စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် စက်တင်ဘာလဆန်းကျင်းပရန် လျာထားဆောင်ရွက်ထားရှိပြီး တိုင်းဒေသကြီးအတွင်းရှိ မုံရွာ၊ ကသာ၊ စစ်ကိုင်း၊ ကန့်ဘလူ၊ ကလေးနှင့် ရွှေဘိုခရိုင်တို့မှ အဆို၊ အက၊ အရေး၊ အတီး ဝါသနာရှင်(၂၆၀)ကျော် ပါဝင်ယှဉ်ပြိုင်သွားကြမည်ဖြစ်ကြောင်း သိရသည်။

ဇော်မြင့်နိုင်

စစ်ကိုင်းခရိုင် (ပြန်/ဆက်)