ကျောင်းကုန်း ဩဂုတ် ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံးခန်းမ၌ သဘာဝဘေးကြောင့် ထိခိုက်ဒဏ်ရာရရှိသူ(၂)ဦးအား ငွေကြေးထောက်ပံ့မှုကို ယနေ့ နံနက် ၈ နာရီ ၃၀ အချိန် ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက ယခုလို ဖြစ်စဉ်မျိုး နောက်ထပ်မဖြစ်ပွားရအောင် သစ်တောဦးစီးဌာနနှင့် လမ်းဦးစီးဌာနများ လမ်းဘေးသစ်ပင်များအား အန္တရာယ် ရှိ/မရှိ လိုက်လံကြည့်ရှုစစ်ဆေးပေးကြဖို့ ပြောကြားပြီး၊ ပုသိမ်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန အငယ်တန်းစာရေး ဦးမင်းထက်ပိုင်က သဘာဝဘေးကြောင့် ထိခိုက်ဒဏ်ရာရသူ (၂)ဦးအား တစ်ဦးလျှင် ငွေကျပ်(၅)သောင်းနှုန်းဖြင့် စုစုပေါင်းငွေကျပ် (၁)သိန်းအား ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
လွန်ခဲ့သော ဩဂုတ်(၁၃)ရက်နေ့က ရင်ဆိုင်အုပ်စု၊ ရင်ဆိုင်ဝကျေးရွာအနီး မိုင်တိုင်အမှတ် ၇၀/၀ နှင့် ၇၀/၁ ကြား၊ မိုးသည်းထန်စွာရွာသွန်းပြီး၊ လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင် လဲကျမှုဖြစ်ပွားရာ အမျိုးသမီး(၂) ဦး ဒဏ်ရာ ရရှိသွားတဲ့အတွက် မိသားစုဝင်များအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)