ငပုတောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် လုပ်ငန်းညှိနှိုင်း အစည်းအ​ဝေးကျင်းပ

ငပု​တော သြဂုတ် ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲ့ဝင် (၁) ဗိုလ်မှူး ဖြိုးသူရကျော်၊ အဖွဲ့ဝင်(၂) ဦးသန်းဦးနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေး စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြ​ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူက သွေးလွန်တုပ်ကွေးရောဂါ ကြိုတင် ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ၊ ရုံးနှင့်​ ကျောင်းပတ်ဝန်းကျင်ရှိ ရေဝပ်နေရာများ၊ ချုံနွယ်အမှိုက်များ ကင်းစင်ရေးလုပ်ငန်းများ ပြည်သူပါဝင်မှုဖြင့် အပတ်စဉ် ဆောင်ရွက်သွားရန်၊ ကလေးသူငယ်များ ဖျားနာပါက နီးစပ်ရာကျန်းမာရေးဌာနများတွင် ဆေးကုသမှုခံယူရန်၊ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားရာ ပတ်ဝန်းကျင်အား ခြင်ဆေးမှုတ်ခြင်း လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားရန်၊  ကျေးရွာသန့်ရှင်းသာယာလှပရေး အတွက် အပတ်စဉ် စနေ့နေ့တိုင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကြရန်၊ နွေစပါးစိုက်ပျိုးမည့် တောင်သူများ အား ဓာတ်မြေသြဇာများ ဖြန့်ဖြူးပေးမည့်အခြေအနေများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာ သော ကလေးများအား ထောက်ပံငွေများ ပေးအပ်မည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့​နောက် အဖွဲ့ဝင်(၁) ဗိုလ်မှူး ဖြိုးသူရကျော်က နယ်မြေအေးချမ်းသာယာရေးနှင့် မိမိဒေသလုံခြုံရေးအတွက် အလေးထား ဆောင်ရွက်နေမှုအ​ခြေအ​နေများကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ဆက်လက်၍  ကျေးရွာအုပ်စုများမှ တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိသော ဒေသဖွံ့​ဖြိုးရေးလုပ်ငန်း အခြေ အနေများနှင့်  ​ကျေးရွာအတွက်  လိုအပ်ချက်များကို တင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ သက်ဆိုင် ရာဌာနများနင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း  သိရသည်။

အောင်သူ(ငပုတော)