ရေဖြူ ဩဂုတ် ၁၆
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးဆောင်၍ ကျေးလက်နေလူငယ်များ အသက်မွေးဝမ်းကြောင်း အထောက်ကူဖြစ်စေရန်ရည်ရွယ်၍ ဇာထိုး၊ ပန်းထိုးသင်တန်းကို ယနေ့နံနက် ၁၀ နာရီက ရေဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ သင်တန်းဖွင့်ပွဲအခမ်းအနား ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်လွင်၊ ထားဝယ်ခရိုင်ဦးစီးမှူး ဦးထက်အောင်၊ ရေဖြူမြို့နယ် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်လင်းနိုင်တို့က သင်တန်းဖွင့် အမှာစကားပြောကြားခဲ့ကြပြီး ရေဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြို့တိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဝင်းဆွေမြင့်မှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ ရေဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ကျေးလက်နေပြည်သူများအား ကျေးလက်ဒေသ စီမံကိန်းလုပ်ငန်းများဖြစ်သော အသက်မွေးဝမ်းကြောင်း အထောက်ကူပြု ဆံပင်အလှပြင်သင်တန်း၊ မိတ်ကပ်သင်တန်း၊ ဆိုင်ကယ်ပြင်သင်တန်း၊ သံချည်သံကွေးသင်တန်း၊ ပန်းရံ/လက်သမားသင်တန်း၊ ဝါးဖြင့်လူသုံးကုန် ပစ္စည်းထုတ်လုပ်သည့် သင်တန်းများကို ဘဏ္ဍာရေးနှစ်အလိုက် လျာထားဆောင်ရွက်လျက်ရှိရာ ဇာထိုး၊ ပန်းထိုး သင်တန်းကို ယခုဘဏ္ဍာနှစ်တွင် လျာထားဖွင့်လှစ်ပို့ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အခမ်းအနားသို့ တိုင်း/ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြို့တိုးတက်ရေးဦးစီးဌာနမှ ဦးစီးမှူးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် သင်တန်းသူများ တက်ရောက်ကြကြောင်း သိရသည်။
သင်တန်းကို သင်တန်းနည်းပြ (၁) ဦးနှင့် သင်တန်းသူ (၁၀) ဦးတို့ဖြင့် (၁၅ )ရက်ကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ခတ္တာ