မြိတ် ဩဂုတ် ၁၆
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်ရှိ ကျွန်းစုမြို့နယ်နှင့် တနင်္သာရီမြို့နယ်များမှ မိုးစပါးစိုက်တောင်သူများအား မြန်မာ့ရေနံနှင့်ဓာတု ဗေဒလုပ်ငန်းမှ ထုတ်လုပ်သည့် ယူရီးယားဓာတ်မြေဩဇာ စုစုပေါင်း(၄၄၀)အိတ်ကို စိုက်ပျိုးရေးဦးစီးဌာန မြိတ်ခရိုင်ဦးစီးမှူးရုံးတွင် ဈေးနှုန်းချိုသာစွာဖြင့် ဩဂုတ်လ(၁၆)ရက် နံနက်ပိုင်းက ဖြန့်ဖြူးရောင်းချပေးခဲ့သည်။
“မြိတ်ခရိုင်အတွင်းရှိ စပါးသီးနှံ စုစုပေါင်းစိုက်ဧရိယာနှင့် စပါးနှင့် နေကြာမျိုးစေ့ထုတ် တောင်သူများအနေနဲ့ မိမိတို့လယ်ယာမြေအတွက် လိုအပ်သော ယူရီးယားမြေဩဇာများကို ဈေး သက်သာသော နှုန်းထားဖြင့် အချိန်ကိုက်၊ အချိုးကျထည့်သွင်းနိုင်ခြင်းဖြင့် တစ်ဧကအထွက်နှုန်း တိုးမြင့်ကာ တစ်ဦးချင်းဝင်ငွေ တိုးတက်၍ ဒေသဝမ်းစာဖူလုံလာစေဖို့ ရည်ရွယ်ပြီး ဖြန့်ဖြူး ရောင်းချပေးတာဖြစ်ပါတယ်။ တောင်သူများအနေနဲ့ ယနေ့မြေဩဇာပေါက်ဈေးအရ တစ်တန်လျှင် ကျပ်(၁၂)သိန်းဝန်းကျင်ခန့် သက်သာမှာဖြစ်ပါတယ်”ဟု မြိတ်ခရိုင် စိုက်ပျိုး ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်အင်ကြင်းခိုင်က ပြောသည်။
ယူရီးယားဓာတ်မြေဩဇာများကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခြင်းအခမ်းအနားတွင် စိုက်ပျိုးရေးဦးစီးဌာန မြိတ်ခရိုင်ဦးစီးမှူးက အမှာစကားပြောကြားပြီး ဓာတ်မြေဩဇာများကို ဦးစားပေးရောင်းချပေးမည့် သတ်မှတ်ချက်များနှင့် စပါးသီးနှံစိုက်ပျိုးသည့် တောင်သူများအား တစ်ဧကလျှင် (၀.၀၇၈)အိတ်နှုန်း၊ စပါးသီးနှံမျိုးစေ့ထုတ် စိုက်ပျိုးမည့်တောင်သူများအား တစ်ဧကလျှင် (၁)အိတ်နှုန်း ရောင်းချပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တောင်သူများကိုယ်စား တနင်္သာရီမြို့နယ်မှ တောင်သူ ဦးစံတင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန မြိတ်ခရိုင်ဦးစီးမှူးနှင့် မြို့နယ်ဓာတ်မြေဩဇာ ဝယ်ဖြန့်ဖြူးရေး ကော်မတီဝင်များက ကျွန်းစုမြို့နယ်မှ တောင်သူများအား ဓာတ်မြေဩဇာ(၁၂၀)အိတ်နှင့် တနင်္သာရီမြို့နယ်မှ တောင်သူများအား ဓာတ်မြေဩဇာ (၃၂၀)အိတ်၊ စုစုပေါင်း (၄၄၀)အိတ်ကို တစ်ဦးချင်း ဖြန့်ဖြူးရောင်းချပေးအပ်ခဲ့ကြသည်။
ယူရီးယားဓာတ်မြေဩဇာများကို တောင်သူများအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးရန် (၂၀၂၂)ခုနှစ် ဩဂုတ်လမှစတင်ပြီး (၂၀၂၃)ခုနှစ် ဖေဖော်ဝါရီလအထိလအလိုက် ခွဲတမ်းများရရှိ ပြီးဖြစ်၍ မိုးစပါး၊ နွေစပါးနှင့် နေကြာသီးနှံများအတွက် နည်းပညာလိုက်နာသော တောင်သူများ၊ စိုက်ပျိုးစရိတ်ချေးငွေ ပေးဆပ်မှုတာဝန်ကျေသော တောင်သူများ၊ စံပြကွက်/စမ်းသပ် ကွက်ဆောင်ရွက်သော မျိုးစေ့ထုတ်တောင်သူများကို ဦးစားပေးရောင်းချပေးသွားမည်ဖြစ် ကြောင်း စိုက်ပျိုးရေးဦးစီးဌာမှ သိရသည်။
လက်ရှိအချိန်တွင် ဓါတ်မြေဩဇာဈေးနှုန်းများကြီးမြင့်နေသော အခက်အခဲများကို တောင်သူများတွေ့ကြုံခံစားနေကြပြီး ဒေသတွင်းရှိစိုက်ပျိုးရေးတောင်သူများ ဈေးသင့်သောနှုန်းထားဖြင့် ဝယ်ယူနိုင်မည်ဖြစ်၍ မြေဩဇာဈေးနှုန်းကြီးမြင့်မှုကြောင့် သွင်းအားစုများထည့် သွင်းရန် ကြုံတွေ့နေရသောအခက်အခဲများ အထောက်အကူဖြစ်၍ စိုက်ပျိုးသီးနှံများအတွက် လိုအပ်သောယူရီးယားမြေဩဇာများကို ဈေးသက်သာသောနှုန်းထားဖြင့် အချိန်ကိုက်၊ အချိုးကျထည့်သွင်း အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
ခိုင်ထူး(ပြန်/ဆက်)