သံတောင်ကြီးဒေသထွက် တောင်ယာငရုတ်သီးများဈေးကောင်းရရှိ

သံတောင်ကြီး ဩဂုတ် ၁၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ဒေသခံပြည်သူများသည် အသက်မွေးဝမ်းမှုအဖြင့် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကစိုက်ပျိုးလျက်ရှိရာ မိမိတို့၏ မြေလွတ်မြေရိုင်းများတွင် တောင်ယာများခုတ်ကာ နှစ်ရှည်ပင်သီးနှံများဖြစ်သည့် ကွမ်းပင်၊ ဒူးရင်း၊ မင်းကွတ်၊ ဖာလာ၊ ကော်ဖီ၊ တညင်း စသည့် နှစ်ရှည်ပင်များနှင့်အတူ နှစ်တိုပင်သီးနှံဖြစ်သည့် ငရုတ်ပင်များကိုလည်း ကြားညှပ်စိုက်ပျိုးကြသည်။

အဆိုပါ ငရုတ်ပင်များသည် နွေ၊ မိုး၊ ဆောင်း ရာသီမရွေးဖူးပွင့်ကာ အသီးသီးလျက်ရှိသည်။ တောင်ယာငရုတ်သီးများသည် ယခုဩဂုတ်လပထမပတ်မှစ၍ အသီးများရင့်မှည့်ကာ ခူးဆွတ်ရောင်းချလျက်ရှိပြီး ငရုတ်သီးစိမ်းတစ်ပိဿာလျှင် ကျပ် (၉၀၀၀)မှကျပ် (၁၀၀၀၀) အထိရရှိကြောင်းသိရသည်။ တောင်ယာငရုတ်သီးများကို မြို့ပေါ်တွင်သာရောင်းချကြပြီး ဈေးကောင်းရရှိသည့်အတွက် မိသားစုအပိုဝင်ငွေရရှိကာ စားဝတ်နေရေးအဆင်ပြေလျက်ရှိကြောင်း ဒေသခံပြည်သူတစ်ဦးထံက သိရသည်။

စောမင်းသား