ပဲခူး သြဂုတ် ၁၆
မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲအား ယနေ့နံနက် ၁၀ နာရီက ပဲခူးမြို့ အ.ထ.က(၃) အခြေခံပညာ အထက်တန်းကျောင်းရှိ YMBA ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ အသိပညာပေးအခမ်းအနားတွင် အ. ထ. က(၃) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်နီလာကြည်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပဲခူးတိုင်းဒေသကြီး အမှတ်(၃)မူးယစ်တပ်ဖွဲ့မှ ရဲမှူး ဆန်းထွန်းက မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးခြင်းနှင့် မူးယစ်ဆေးဝါးများအကြောင်း သိကောင်းစရာများ၊ ဆေးခြောက်ပါဝင် ထုတ်လုပ်ထားသည့် ဆေးဝါးနှင့် လူသုံးကုန်/စားသောက်ကုန်များအား သုံးစွဲဖြန့်ဖြူးမှု မရှိစေရေးနှင့်ပတ်သက်၍ အသိပညာပေး ဟောပြောခဲ့သည်။ ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ခင်ဝတ်ရည်က မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်နီလာကျော်က အမှတ်တရ လက်လက်ဆောင်များ ပေးအပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး အမှတ်(၃)မူးယစ်တပ်ဖွဲ့မှ ရဲမှူး ဆန်းထွန်း၊ ပဲခူးတိုင်းဒေသကြီး မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်ခင်ဝတ်ရည်၊ တိုင်းပညာရေး ဒုတိယညွှန်ကြားရေးမှူး ဦးဌေးဝင်းအောင်၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်နီလာကြည် နှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ (၂၀၀)ဦး တက်ရောက်ကြကြောင်း သိရသည်။
သက်ဖြိုးကြိုင်