ထားဝယ်မြို့တွင် (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ထားဝယ် သြဂုတ် ၁၆

(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးဦးယဉ်ထွေးက မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အစည်းအဝေးခေါ်ယူရခြင်းဖြစ်ကြောင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး တိုင်းဒေသကြီးအဆင့် ပြိုင်ပွဲကို ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ သြဂုတ် ၂၉ / ၃၀ ရက်နေ့တွင် ပြုလုပ်ကျင်းပမှာဖြစ်ကြောင်း   ကော်မတီဝင်များအနေဖြင့် ပြို်ငပွဲများနှင့်ပတ်သက်၍ ကြိုတင်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ကုန်ကျစရိတ်များကို ဆွေးနွေးတင်ပြပေးစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ တက်ရောက်လာသော လုပ်ငန်းကော်မတီဝင်များက ပြိုင်ပွဲကျင်းပရေးနှင့် ဧည့်ခံ ကျွေးမွေးရေး၊ ဘဏ္ဍာငွေရှာဖွေရေးနှင့်ဆုချီးမြှင့်ရေး၊ ပြိုင်ပွဲဝင်များ စိစစ်ရွေးချယ်ရေး၊ အခမ်းအနား ပြင်ဆင်ရေး၊ သယ်ယူပို့ဆောင်ရေးနှင့်ကြိုဆို နေရာချထားရေး၊ ကျန်းမာရေး၊ လုံခြုံရေးနှင့်စည်ကမ်း ထိန်းသိမ်းရေး၊ ဖိတ်ကြားရေ၊ ပြန်ကြားရေးနှင့်သတင်းထုတ်ပြန်ရေး စသည့်လုပ်ငန်းများကို ရှင်းလင်းဆွေးနွေးတင်ပြရာ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးယဉ်ထွေးက ညှိနှိုင်းဆောင်ရွက်ပေး ခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)