သာယာဝတီ သြဂုတ် ၁၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ရပ်ရွာအခြေပြု လူကုန်ကူးမှု စိစစ်ဖော်ထုတ်ခြင်း ရက်တိုသင်တန်းကို ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်တန်းတွင် ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဟိုက အမှာစကားပြောကြားပြီး အမှတ်(၂) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ်မှူး ရဲအုပ်ဥက္ကာသွင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် (၄၁/၂၂) ဖြင့် အတည်ပြုပြဋ္ဌာန်းခဲ့သည့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေကို ဆွေးနွေးခြင်း၊ လူကုန်ကူးမှု စိစစ်ဖော်ထုတ်ရေးအဖွဲ့ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ၊ ရပ်ကွက်၊ ကျေးရွာ အတွင်းနေ ကလေးသူငယ်များအား လူကုန်ကူးမှု ကျူးလွန်ခံရခြင်းမရှိစေရေး၊ အဓမ္မလုပ်အားခိုင်းစေခြင်း၊ လိင်အမြတ်ထုတ်ခြင်း၊ လုပ်အားခေါင်းပုံဖြတ်ခြင်း၊ အဓမ္မပြည့်တန်ဆာပြုခြင်းများ ဖြစ်ပွားမှုမရှိစေရေးအတွက် လူကုန်ကူးမှု တားဆီးကာကွယ်ရေးဆိုင်ရာများ၊ ရပ်ရွာအခြေပြု လူကုန်ကူးခံရသူတွင် ဘေးအန္တရာယ်ရှိနိုင်ပါက သက်ဆိုင်ရာရဲတပ်ဖွဲ့ထံ အကူအညီတောင်းခံခြင်းနှင့် မြို့နယ်အတွင်းရှိ လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့သို့ လွှဲပြောင်းအပ်နှံခြင်း၊ လူကုန်ကူးမှုအမျိုးအစားများ စသည့် လူကုန်ကူးမှုဖြစ်ပွားရခြင်း အကြောင်းအရင်း၊ လူကုန်ကူးမှုဖြစ်ပွားစေနိုင်သည့် အကြောင်းအရာများနှင့်ပတ်သက်၍ အသိပညာပေး ဆွေးနွေးခဲ့သည်။
အဆိုပါသင်တန်းကို ရပ်ရွာအခြေပြုလူကုန်ကူးမှု စိစစ်ဖော်ထုတ်ရေးအဖွဲ့ဝင်များဖြစ်သည့် မြို့နယ်အတွင်းရှိ သင်တန်းသား(၁၄၅) ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ သြဂုတ် ၁၆ ရက်မှ ၁၈ အထိ ဖွင့်လှစ်ကြောင်း သိရသည်။
သန့်ဇော် (ပြန်/ဆက်)