ဆင်ခြေဖုန်းကျေးရွာအုပ်စုအတွင်းမှ ကိုယ်ဝန်ဆောင်မိခင်များအား ငွေဗိုက်(NgweBike) အစီအစဉ် ဖြည့်သွင်းဆောင်ရွက်ပေး

တနင်္သာရီ၊ စက်တင်ဘာလ ၁

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ ဆင်ခြေဖုန်းကျေးရွာအုပ်စုမှ ကျေးရွာခွဲ(၁၅)ရွာအတွင်းရှိ ကိုယ် ဝန်ဆောင် မိခင်များအားလုံး ကိုဗစ်-၁၉ ကာလအတွင်း  နိုင်ငံတော်မှ ငွေဗိုက်အစီအစဉ်ဖြင့် ထောက်ပံ့ပေးသော တစ်ဦးလျှင် ထောက်ပံ့ငွေ (၃၀၀၀၀) ကျပ်စီကို တစ်ယောက်မကျန် အကျိုးခံစားခွင့်ရရှိစေရန် ရည်ရွယ်၍ ဆင်ခြေဖုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဒေါ်မြင့်မြင့်မော်က ဦးစီးကြီးကြပ်၍ သားဖွားဆရာမဒေါ်အေးဝင်းနှင့် စာရေးဝန်ထမ်း ဦးနိုင်ဝင်းတို့က ယမန်နေ့နံနက်ပိုင်းမှစ၍ ဆင်ခြေဖုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး-လယ်တောင်ယာရွာတွင် မိုဘိုင်ဖုန်းဖြင့် ငွေဗိုက်(Ngwe Bike) အစီအစဉ်ကို ကိုယ်ဝန်ဆောင်မိခင်လောင်းများ၏ ကိုယ်ဝန်ဆောင်ဖြစ်ကြောင်း အထောက်အထားများနှင့် ကိုယ်ရေးအချက်အလက်များအား တစ်ဦးချင်းစီအတွက် ဖြည့်သွင်းဆောင်ရွက်ပေးခဲ့ကြောင်း အုပ်ချုပ်ရေးမှူး ဒေါ်မြင့်မြင့်မော်ထံမှ သိရသည်။

ယင်းသို့ ငွေဗိုက်(Ngwe Bike) ထောက်ပံ့ငွေအစီအစဉ်ကို ဖြည့်သွင်းဆောင်ရွက်ပေးရာတွင် ဆင်ခြေဖုန်း ကျေးရွာအုပ်စု-စတိန်သောင် ကျေးလက်ကျန်းမာရေးဌာနခွဲမှ သားဖွားဆရာမ ဒေါ်အေးဝင်းနှင့် ဆင်ခြေဖုန်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးမှ စာရေးဝန်ထမ်း ဦးနိုင်ဝင်းတို့က ကူညီဆောင်ရွက်ပေးခဲ့ရာ ယနေ့ညနေပိုင်းအထိ (၅၀)ဦးခန့် အောင်မြင်စွာ ဖြည့်သွင်းပြီးစီးပြီဖြစ်ပြီး လူမှုဝန်ထမ်းဦးစီးဌာနမှ သတ်မှတ်ပေးထားသည့် စက်တင်ဘာလ ၁၅ ရက်နေ့အထိ ဆက်လက်ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း ထပ်မံသိရှိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)