ကျွန်းလှ၌ ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်း ဆောင်ရွက်

ကျွန်းလှ ဩဂုတ် ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကျောင်းကျန်းမာရေး ရက်သတ္တပတ်အဖြစ် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးအသိပညာပေး ဟောပြောခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း (ကျွန်းလှ) ၌ ပြုလုပ်ကြောင်း သိရသည်။

ဟောပြောပွဲတွင် ကျွန်းလှမြို့နယ် ကျန်းမာရေးဦးစီးဌာန၊ ဝန်ထမ်းများက တစ်ကိုယ်ရည်သန့်ရှင်းရေး၊ ဝမ်းပျက်ဝမ်းလျှောနှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး၊ သွားကျန်းမာရေး၊ စနစ်တကျသွားတိုက်ရေး၊ သံဓာတ်အားတိုးဆေးသောက်သုံးခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူးများအကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

ထို့နောက် အသက် ၁၂ နှစ်အထက် ကျောင်းသူများအား သံဓာတ်အားတိုးဆေးတိုက်ကျွေးခြင်း၊ KGတန်းမှ မူလတန်းကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ မူလန်းအဆင့်ကျောင်းသား၊ ကျောင်းသူများအား သွားတိုက်ဆေးများပေးခဲ့ကြောင်း သိရသည်။

ထို့အပြင် အခြေခံပညာအထက်တန်းကျောင်း (ကျွန်းလှ)တွင် ကျောင်းကျန်းမာရေး အထိမ်းအမှတ်အဖြစ် အလယ်တန်း၊ အထက်တန်းအဆင့် ပန်းချီနှင့် ကာတွန်းပြိုင်ပွဲများ ကျင်းပကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ