ဘားအံ၊ စက်တင်ဘာ ၁၂
ကရင်ပြည်နယ်၊ ဘားအံမြို့၊ အဝေးပြေးယာဉ်ရပ်နားစခန်းမှ ခရီးသည်တင်မော်တော်ယာဉ်လိုင်းများ အားလုံးကို ယနေ့နံနက်ပိုင်းမှစ၍ ပြေးဆွဲတော့မည်မဟုတ်ဘဲ ယာယီရပ်နားထားမည်ဖြစ်ကြောင်း ဘားအံမြို့နယ် မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းတန်ထံမှသိရသည်။
ယခုအခါ ကိုဗစ်-၁၉ ကူးစက်မြန်ကမ္ဘာ့ကပ်ရောဂါပြည်တွင်းကူးစက်မှုနှုန်း မြှင့်မားလာသည့်အတွက် စက်တင်ဘာလ ၁၁ ရက်နေ့ မွန်းလွဲပိုင်းက ဘားအံခရိုင်အုပ်ချုပ်ရေးမှူး ရုံးတွင်ကျင်းပသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်စောင့်ကြည့်ရေး ခရိုင်အဆင့်လုပ်ငန်းကော်မတီ အစည်းအဝေး ဆုံ းဖြတ်ချက်အရ ရောဂါကူးစက်ဖြစ်ပွားမှုကို ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မော်တော်ယာဉ်လိုင်းများ ပြေးဆွဲခြင်းကို ရပ်နားထားမည်ဖြစ်ပြီး ပြန်လည်ပြေးဆွဲမည့်ရက်အတိအကျကို မပြောနိုင်သေးကြောင်းနှင့် ရောဂါကူးစက်ဖြစ်ပွားမှုရပ်တန့်သွားချိန်ရောက်မှသာ ပြန်လည်ပြေးဆွဲသွားမည် ဖြစ် ကြောင်း သိရသည်။
ဘားအံယာဉ်နားစခန်းတွင် အဝေးပြေးမော်တော်ယာဉ်လိုင်းပေါင်း ၂၀ ကျော်ခန့်ရှိပြီး စက်တင်ဘာလအစောပိုင်း ထိ မော်တော်ယာဉ်လိုင်းပေါင်း ၁၅ လိုင်းခန့်ပြေးဆွဲနေကာ ရန်ကုန်၊ မန္တလေး၊ တောင်ငူ၊ နေပြည်တော်၊ ပဲခူး၊ ပခုက္ကူ၊ ပုဂံညောင်ဦး အစရှိသည့်ဒေသများသို့ နေ့စဉ်မော်တော်ယာဉ်အစီးရေ ၄၀ ခန့်ပြေးဆွဲနေ့ခဲ့ရာမှ ယခုအခါ မော်တော်ယာဉ်အချို့သည် ခရီးသည်မပါဘဲ ကုန်စည်အချို့ကိုတင်ဆောင်၍ မူလအရပ်သို့ ပြန်လည်ထွက်ခွာသွားကြပြီဖြစ်ကြောင်း၊ မော်တော်ယာဉ်ပြေးဆွဲမှု ယာယီရပ်နားထားမည်ဖြစ်သည့်အတွက် ဘားအံယာဉ်ရပ်နားစခန်းကိုမှီခို၍ ဈေးရောင်းချသူများ၊ လက်လုပ် လက်စားများ၊ အလုပ်သမားများ၊ ယာဉ်မောင်းများ၊ ယာဉ်နောက်လိုက်များ အလုပ်အကိုင်ရပ်တန့်သွားပြီးဝင်ငွေရရှိတော့မည်မဟုတ်သည့်အတွက် အခက်အခဲတစ်ချို့ကြုံတွေ့နိုင်ကြောင်း၊ ယာဉ်လိုင်းများ ယာယီရပ်နားထားသည့်အတွက် ကိုဗစ်-၁၉ ကူးစက်မြန် ကမ္ဘာ့ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုကိုကာကွယ်ထိန်းချုပ်ရာရောက်ပြီး တစ်နယ်နှင့်တစ်နယ်၊ ဒေသတစ်ခုနှင့်တစ်ခု ကူးလူးဆက်ဆံမှုနည်းကာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်များအတိုင်း လိုက်နာနေထိုင်ကြမည်ဆိုပါက ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုကို အကောင်းဆုံးထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)