မော်လမြိုင် ဩဂုတ် ၁၆
မွန်ပြည်နယ်အတွင်း မြို့ပြနှင့်ကျေးလက်ဒေသများ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်စည်စီးဆင်းမှုနှင့် ရောင်းဝယ်ဖောက်ကားမှု အဆင်ပြေ ချောမွေ့စေရေးအတွက် ဈေးများအား အဆင့်မြှင့်တင် တည်ဆောက်ပေးလျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ သံလွင်ဈေး တိုးချဲ့ အဆင့်မြှင့်တင် တည်ဆောက်နေမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
မော်လမြိုင်မြို့ သံလွင်ဈေးအတွင်း မူလဆိုင်ခန်းနေရာဟောင်း ပြင်ဆင်သည့်အပိုင်း၊ စျေးဆိုင်ခန်းအသစ် နေရာချထားမည့်အပိုင်း ဆောင်ရွက်နေမှုအခြေအနေနှင့် ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူက ရှင်းလင်း တင်ပြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က စည်ပင်သာယာရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဈေးအင်္ဂါရပ်များနှင့် ကိုက်ညီစေရေး၊ မီးဘေးအန္တရယ် လုံခြုံမှုရှိစေရေး၊ အမှိုက်စွန့်ပစ်မှု စနစ်တကျရှိစေရေးတို့ကို အထူးအလေးပေး ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မော်လမြိုင်မြို့၊ ကမ်းနားလမ်းရှိ အများပြည်သူများ အပန်းဖြေအနားယူနိုင်ရေးနှင့် ကိုယ်လက်လှုပ်ရှားအားကစား လုပ်ဆောင်နိုင်ရေးအတွက် ဆောင်ရွက်ထားရှိနေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့် (ခရိုင်၊ ပြန်/ဆက်)