မင်းဘူး၊ စက်တင်ဘာ ၁၂
မြန်မာနိုင်ငံတွင် အသက် ၅ နှစ်မှ ၁၇ နှစ်အတွင်း ကလေးငယ်ဦးရေ ၁၂ သန်းကျော်ရှိပြီး ယင်းဦးရေ၏ ၁၀ ရာခိုင်နှုန်းသည် ကလေးအလုပ်သမားများဖြစ်ကြောင်း မှတ်တမ်းများအရ သိရသည်။
ကလေးအလုပ်သမားဖြစ်ရခြင်း၏ အဓိကအကြောင်းရင်းများမှာ ဆင်းရဲမွဲတေမှု၊ မိဘများ စားဝတ်နေရေးမပြေလည်မှု၊ ပညာရေးအဆင့်အတန်း နိမ့်ပါးမှု၊ ကလေးငယ်များမှာ ဉာဏ်ရည်မမှီခြင်းများကြောင့် ပညာကိုဆက်လက် သင်ကြားနိုင်စွမ်းမရှိမှု၊ ပတ်ဝန်းကျင်မှ အသိပညာပေးခြင်း၊ လမ်းကြောင်းမှန်ပေါ်သို့ ညွှန်ပြပေးနိုင်မှုမရှိခြင်းတို့ကြောင့် ကလေးအလုပ်သမားဘဝထဲသို့ ရောက်ရှိသွားကြခြင်း ဖြစ်ပေသည်။
ကလေးအလုပ်သမားများတွင် တရားဝင်ကလေးအလုပ်သမားနှင့် တရားမဝင်ကလေးအလုပ်သမားဟူ၍ နှစ်မျိုးရှိသေးသည်။ အသက် ၁၄ နှစ်မှ ၁၈ နှစ်ကြား ကလေးငယ်များမှာ သက်ဆိုင်ရာ ဆရာဝန်များရဲ့ ထောက်ခံချက်နဲ့ နိုင်ငံတော်ကခွင့်ပြုထားတဲ့ စက်ရုံအလုပ်ရုံတွေမှာ အလုပ်လုပ်ခွင့်ရကြသဖြင့် တရားဝင်ကလေးအလုပ်သမားများ ဖြစ်ကြပြီး ကိုယ့်သဘောဖြင့်ကို စက်ရုံ၊ အလုပ်ရုံများ၊ စားသောက် ဆိုင်များတွင် ဝင်ရောက်လုပ်ကိုင်ကြသူများမှာ တရားမဝင် ကလေးအလုပ်သမားများ ဖြစ်ကြသည်။
ကလေးအလုပ်သမားများနှင့်ပတ်သက်ပြီး အလုပ်ရှင်များအား
(၁) သင်အလုပ်ခန့်မည့် ကလေးများသည် ၁၄ နှစ်ပြည့်ပြီး ဖြစ်ပါစေ။
(၂) ကလေးများအား အကြမ်းဖက်ခံရမှုမှ အကာအကွယ် ပေးပါ။
(၃) အလုပ်လုပ်သော ကလေးများအနေဖြင့် ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းပညာ ဆက်လက်သင်ယူရန် တိုက်တွန်းပြီး စီစဉ်ပေးပါ။
(၄) ကျန်းမာရေးနှင့် စာရိတ္တကို ထိခိုက်စေပြီး ဘေးကင်းမှုမရှိသော အန္တရာယ်ရှိသည့် လုပ်ငန်းခွင်များတွင် ကလေးများကို အလုပ်မခိုင်းစေရပါဟု ညွှန်ကြားထားပါသည်။
ထို့အပြင် ကလေးအလုပ်သမားပပြောက်ရေး ရည်မှန်းချက် (၃) ရပ်ကိုချမှတ်ထားပြီး အကောင် အထည်ဖော် ဆောင်ရွက်နေပါသည်။ ၎င်းတို့မှာ
(က) မြန်မာနိုင်ငံတွင် ကလေးသူငယ်များအား ကလေးအလုပ်သမားအဖြစ် ခိုင်းစေမှု အထူးသဖြင့် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေမှုအား လျော့နည်း ပပျောက်စေရန်နှင့် ထိရောက်စွာ တားဆီးကာကွယ်ရန်။
(ခ) ဥပဒေအရ တရားဝင် အလုပ်လုပ်ကိုင်ခွင့်ရှိသည့် ကလေးအလုပ်သမားများအား ဥပဒေနှင့်အညီ ထိရောက်စွာ ကာကွယ်ပေးရန်။
(ဂ) အန္တရာယ်ရှိသော အလုပ်နှင့်လုပ်ငန်းခွင်များတွင် လုပ်ကိုင်နေသည့် အလုပ်သမားများအား ဖယ် ရှားပြီး သင့်လျှော်ကောင်းမွန်သည့် အလုပ်အကိုင်ရရှိရေးနှင့် အသက်မွေးပညာကျောင်းများ တက်ရောက်နိုင်ရေး စီမံဆောင်ရွက်ပေးရန်တို့ ဖြစ်ပါသည်။
သို့ပါ၍ ကလေးသူငယ်များအား အသက်မွေးသင်တန်းကျောင်းများ၊ စားသောက်ဖွယ်ရာ ချက်ပြုတ် သင်တန်း ကျောင်းများ တက်၍ ငွေအရင်းအနှီး နည်းပါးစွာဖြင့် စားသောက်ဖွယ်ရာများ ဖန်တီးရောင်ချ နိုင်မည်ဖြစ်သည်။ ဤနည်းလမ်းသည် ကလေးအလုပ်သမားများ လျော့နည်း ပပျောက်ရေးကို အထောက်အကူ ပြုနိုင်မည့် နည်းလမ်းလည်းဖြစ်သည်။
ထို့အပြင် လက်မှုအတတ်ပညာများ သင်ကြားပေးခြင်းဖြင့်လည်း ဆင်းရဲမွဲတေမှုကို လျှော့ချနိုင်ပြီး၊ မိဘများကိုစည်းရုံးခြင်း၊ ပညာပေးခြင်း၊ အသိပညာစွမ်းရည်မြှင့်တင်ပေးခြင်းတို့ဖြင့် လူထုပါဝင်မှု ကျယ်ပြန့်လာကာ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လာပါက ဆင်းရဲမွဲတေမှုလည်းလျော့ကျ ကလေးအလုပ်သမားများလည်း ပပျောက်သွားနိုင်မည်ဟု ယူဆပါကြောင်း ရေးသားလိုက်ရပါတော့သည်။
ဇေယျာထက် (မင်းဘူး)