နတ်တလင်း သြဂုတ် ၁၆
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့၌ ကျောင်းကျန်းမာရေးဌာနမှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းကျန်းမာရေး ရက်သတ္တပတ် ကျန်းမာရေး စစ်ဆေးခြင်းနှင့် အသိပညာပေး ဟောပြောခြင်းကို ယနေ့နံနက် (၉)နာရီက ရွာမရပ်ကွက်၊ ရွာမအခြေခံပညာမူလတန်းကျောင်းတွင် ဆောင်ရွက်ခဲ့သည်။
အဆိုပါကျောင်းကျန်းမာရေး သီတင်းပတ်လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျောင်းကျန်းမာရေး ဆရာမ ဒေါ်သင်းသင်းဌေးက ကျောင်းသား/ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ စာသင်ကြားနိုင်ရေးအတွက် တစ်ကိုယ်ရေသန့်ရှင်းရေး လက်ဆေးခြင်း၊ သွားနှင့်ခံတွင်း ကျန်းမာရေး၊ နည်းစနစ်မှန်သွားတိုက်ခြင်း၊ သန့်ရှင်းသောယင်လုံ အိမ်သာသုံးစွဲရန်နှင့် မိုးတွင်းကာလ ကလေးငယ်များတွင် ဖြစ်ပွားသည့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး နည်းလမ်းများ အကြောင်းကို ပြောကြားခဲ့သည်။
ယင်းနောက် မြို့နယ်ပြည်သူ့ဆေးရုံမှ သွားဆရာဝန် ဒေါက်တာဖြိုးထက်မှ ကလေးငယ်များ၏ သွားကျန်းမာရေးစစ်ဆေးပေးခြင်း၊ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ဝန်ထမ်းများ မျက်စိစမ်းသပ်ပေးခြင်း၊ ကျောင်းအခြေပြု သန်ချဆေးတိုက်ကျွေးခြင်း၊ KG မှ Grade-5 အထိ ကျောင်းသား၊ ကျောင်းသူများအားလုံး ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကျန်းမာရေးစစ်ဆေးမှု မှတ်တမ်းကတ်များ ဖြည့်သွင်းပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဝေယံဖြိုး