မြတ်နိုးတန်ဖိုးထားစရာ မြန်မာတို့၏ ပန်းတော့အတတ်ပညာ

မင်းဘူး၊ စက်တင်ဘာ ၁၂

မြန်မာတို့၏ လက်မှုအတတ်ပညာဖြစ်သော ''ဘုရားမတင် နတ်မဝင် လူတွင်ပန်းဆယ်မျိုး" ဟု ခေါ်ဆိုသော လက်မှုအတတ်ပညာဆယ်မျိုးထဲတွင် ပန်းတော့အတတ်ပညာလည်း တစ်ခုအပါအဝင် ဖြစ်သည်။ ပန်းတော့ဆိုသည်မှာ အင်္ဂတေသရွက်ဖြင့် ရုပ်လုံး၊ ရုပ်ကြွပေါ်အောင် ဖန်တီး၊ ခြယ်သ၊ မွမ်းမံ တန်ဆာ ပြုလုပ်ထားသော ပညာဖြစ်သည်။ ဤအတတ်ပညာသည် အနုစိတ်သည့် လက်မှုအတတ်ပညာ ဖြစ်သည့်အလျှောက် တတ်မြောက်သူများလည်း ရှားပါးသည်။

ပန်းတော့အတတ်ပညာဖြင့် ပြုလုပ်ထားသော လက်ရာများကို ဘုရား၊ တန်ဆောင်း၊ ကျောင်းများ၏ မုခ်ဦးများ၊ နံရံများ မင်းခမ်းမင်းနား အသုံးအဆောင်နှင့် ပလ္လင်များ၊ မြန်မာနိုင်ငံအရပ်ရပ်ရှိ တန်ခိုးကြီး ဘုရားများ၏ ဘုရားပလ္လင်တော်နှင့် ဂန္ဓကုဠီတိုက်များ၊ ရှေ့မြန်မာဘုရင်များ၏ နန်းတော်များ၊ သာသနိက အဆောက်အအုံများ၌ တွေ့မြင်ကြရမည်။ ၎င်းပညာရပ်သည် အနုစိပ်ပြီး ပညာသားပါသော ပညာ ရပ်တစ်ခုဖြစ်သည်။ ကနုတ်များ၊ ပန်းများ မွမ်းမံခြယ်သရာတွင် လက်ရာမြောက်ပါက ပန်းချီကားတစ်ချပ်ကဲ့သို့ လှပသေသပ်ပြီး ရှုချင်စဖွယ်ကောင်းသော ပညာရပ်ဖြစ်သည်။

ပန်းတော့ လက်မှုအတတ်ပညာဖြင့် ပြုလုပ်ထားသော ခြူးပန်းခြူးနွယ်များ၊ ဂဠုန်၊ နဂါး၊ ခြင်္သေ့ဆင် အစရှိသော အရုပ်များဖြင့် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အနုပညာရပ်များကို ရှုချင်စဖွယ်မွမ်းမံ တန်ဆာဆင် ထားကြသည်။ ထို့ကြောင့် ယဉ်ကျေးမှု လက်မှုအနုပညာဖြစ်သော ပန်းတော့ပညာသည်ကား အလွန်အသက်ဝင်လှသည်။ ၎င်းလုပ်ငန်းသည် လုပ်ငန်းကျယ်ပြန့်ပြီး အချိန်ကုန်သည့်အတွက် ထိုလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုသူမှာ စိတ်ပါဝင်စားပြီး ကျွမ်းကျင်မှုရှိဖို့ အထူးလိုအပ်သည်။

ပန်တော့လုပ်ငန်းသည် မြန်မာ့ရိုးရာလက်မှုလုပ်ငန်းများထဲတွင် မြတ်နိုးတန်ဖိုးထားစရာ လက်မှုလုပ် ငန်းဖြစ်သည့်အတွက် လက်ဆင့်ကမ်းထိန်းသိမ်းစောင့်ရှောက်ဖို့လိုအပ်ပြီး ပန်းတော့လက်မှုပညာနည်း တူ အခြားသော မြန်မာတို့၏အနုလက်ရာများကိုလည်း ရေရှည်တည်တံ့အောင် ထိန်းသိမ်းစောင့် ရှောက်ထားကြရမည် ဖြစ်ပါတော့သည်။

ဇေယျာထက် (မင်းဘူး)