အုတ်ဖို သြဂုတ် ၁၆
ကျောင်းသားလူငယ်တစ်ရပ်လုံးတွင် ကျန်းမာရေးနှင့်ညီညွတ်သောလူနေမှုပုံစံများ (Healthy Life Styles) သိရှိကျင့်သုံးစွဲမြဲစေပြီး ကျန်းမာရေးအဆင့်အတန်း မြင့်မားတိုးတက်လာစေရန် ရည်ရွယ်၍ ကျန်းမာရေးဝန်ကြီးဌာန၏ ကျောင်းကျန်းမာရေး ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် ဩဂုတ်လရောက်တိုင်း သတ်မှတ်ဆောင်ရွက်လျက်ရှိရာ အုတ်ဖိုမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ယမန်နေ့က အုတ်ဖိုမြို့နယ်၊ အ.ထ.က ဂုံညင်းတန်းတွင် အသိပညာပေးဟောပြောခြင်းနှင့် ကျောင်းသားကျောင်းသူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကျောင်းကျန်းမာရေး ရက်သတ္တပတ်လှုပ်ရှားမှု ဆောင်ရွက်ရာတွင် အုတ်ဖိုမြို့နယ်၊ မြို့နယ်ကုသရေးဦးစီးဌာနမှ သွားကျန်းမာရေးဆရာဝန် ဒေါက်တာပြည်မိုးအောင် ဦးဆောင်သော ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား အသိပညာ ပေးဟောပြောခြင်းနှင့် ပဏာမကျန်းမာရေးစောင့်ရှောက်မှုများ၊ သံချဆေးမတိုက်ကျွေးရသော ကလေးငယ်များအား တိုက်ကျွေးခြင်း၊ ကလေးငယ်များအား သွားတိုက်ဆေးများပေးဝေခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်သူ