ပလောက် ဩဂုတ် ၁၆
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန် မျိုးစိတ်သစ်"ရောဂါကြိုတင် ကာကွယ်ရေးနှင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံနိုင်ရေးအတွက် အသိပညာပေးနှိုးဆော်မှုများကို ဒေသနေပြည်သူများသိရှိစေရန်အတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပူးပေါင်း၍ ယမန်နေ့ည(၇)နာရီအချိန်က မြို့ပေါ်ရပ်ကွက်များ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်မျိုးစိတ်သစ်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများလိုက်နာရမည့် အချက်များနှိုးဆော်ပေးရာတွင် မျိုးကွဲသစ်အိုမီခရွန်မျိုးစိတ်သည် ကိုဗစ်-၁၉ ရောဂါကူး စက်ခံရဖူးသူများလည်း ပြန်လည်ကူးစက်နိုင်သည့်အတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများထိုးနှံပေးခြင်းဖြင့် ရောဂါကူးစက်မှု၊ ရောဂါပြင်းထန်မှုများကို ထိရောက်စွာလျော့ချနိုင်ခြင်းတို့ကြောင့် မိဘပြည်သူများအနေဖြင့် ကိုဗစ်ကာကွယ်ဆေးများကို အကြိမ်ပြည့် ထိုးနှံကြရန်၊ ဒေသနေပြည်သူများအနေဖြင့် မိမိ၏အိမ်အတွင်း၌သာ နေထိုင်ကြရန်၊ ပြင်ပသို့ ထွက်ခွာပါက ပါးစပ်၊ နှာခေါင်းစည်းများကို စနစ်တကျတပ်ဆင်သွားလာကြရန်၊ ပြင်ပမှလာသော ဧည့်သည်များအား လက်မခံပါရန်၊ ပါးစပ်၊ နှာခေါင်းစည်းမတပ်ဆင်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ လူစုလူဝေးပြုလုပ်ခြင်းနှင့် သွားလာခြင်းများကို တတ်နိုင်သလောက် ရှောင်ကြဉ်ကြရန်၊ အရာဝတ္တုပစ္စည်းများကို ကိုင်တွယ်ပြီးတိုင်းလက်များကို ဆပ်ပြာဖြင့် အနည်းဆုံး စက္ကန့်(၂၀)ကြာအောင် မကြာခဏဆေးကြောကြရန် စသည့် ကျန်းမာရေးဝန်ကြီးဌာမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို အသိပညာပေး တိုက်တွန်းနှိုးဆော်ခဲ့ကြောင်း သိရသည်။
နှင်းမြူလွင် (ပလောက်)