ပုသိမ် ဩဂုတ် ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ ၂၀၂၂ခုနှစ်၊ဖေဖော်ဝါရီလမှ ဇူလိုင်လအထိ (၆)လတာ လုပ်ငန်းဆောင်ရွက်မှုများအပေါ် ညှိနှိုင်းအစည်းအဝေးအား ယမန်နေ့နံနက်ပိုင်းကပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းအဆင့်ဌာနဆိုင်ရာများနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ ဌာနဆိုင်ရာများ အနေဖြင့် နိုင်ငံတော်မှချမှတ်ထားသည့် ဦးတည်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များကို အောင်မြင်အောင်အကောင်အထည်ဖော် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ တိုင်းအဆင့်ဌာနဆိုင်ရာများနှင့် ခရိုင်အုပ်ချုပ်ရေးအဖွဲ့များက (၆)လတာကာလအတွင်း လုပ်ဆောင်ခဲ့ မှုများအပြင် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်ပတ်သက်၍ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကိုပါ ဆွေးနွေးတင်ပြရန်လိုပါကြောင်း၊ မိမိတို့တိုင်း ဒေသကြီးသည် ကျောင်းအပ်နှံမှု၊ ကျောင်းတက်ရောက်မှုအများဆုံးနှင့် တက္ကသိုလ်စာမေးပွဲတွင် တစ်နိုင်ငံလုံးအောင်ချက်အကောင်းဆုံး ဒုတိယနှင့် ဂုဏ်ထူးရရှိသူများများစွာ ပေါ်ထွက်ခဲ့ပါကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုအထက်တန်းကျောင်းများကို ၂၀၂၃ ပညာသင်နှစ်မှစ၍ ဖွင့်လှစ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်၍ လူ့စွမ်းအားအရင်း အမြစ်များအား မွေးထုတ်ပေးနိုင်ရေးဆောက်ရွက် နေပါကြောင်း၊ ကျောင်းသားများအားလုံး ကျောင်းတက်ပျက်ကွက်မှုမရှိစေရန်နှင့် အမှန်တကယ် ပညာတတ်မြောက်စေရေး ဆရာ၊ ဆရာမများ၊ အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်းဆောင်ရွက် ကြရန်လိုပါကြောင်း၊ e-ID စနစ်ဖြင့် လူဦးရေစာရင်းများဖြည့်သွင်းခြင်း၊ အခြေခံလူဦးရေစာရင်းများ ကောက်ယူခြင်း၊ တိုက်ဆိုင်စစ်ဆေးခြင်း၊ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းလုပ်ငန်းများအား မှန်မှန်ကန်ကန်နှင့် မြန်မြန်ဆန်ဆန် ဆောင်ရွက်ကြရန် လိုပါကြောင်းနှင့် နိုင်ငံသားမဟုတ်သူများကို နိုင်ငံသားစိစစ်ရေးကတ်များ မထုတ်ပေး မိစေရေး တာဝန်ရှိသူများက အလေးထားကြပ်မတ်ဆောင်ရွက် သွားကြရန်လိုပါကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်မှုများ တွေ့ရှိမှုနည်းပါးသော်လည်း ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကိုအရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်ကြရန်လိုပါကြောင်း၊ တိုင်းဒေသကြီး အတွင်း စားရေရိက္ခာဖူလုံစေရေးနှင့် စားသုံးဆီဖူလုံရေးအတွက် စပါးသီးနှံ၊ ဆီထွက်သီးနှံများ ပန်းတိုင်အထွက်နှုန်းများထွက်ရှိစေရေး၊ မျိုးကောင်းမျိုးသန့်များ အသုံးပြုစေရေး၊ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေး အလေးထား ဆောင်ရွက်ရန်လိုပါကြောင်း၊ ရိုးပြတ်ကျန်ဧကများတွင် ဒေသနှင့်ကိုက်ညီသည့်သီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရေး ကြပ်မတ်ဆောင်ရွက်ရန်၊ ရိုးပြတ်ကျန် ဧကများလျော့နည်းစေရေး ကြိုးပမ်းဆောင်ရွက်ရန်နှင့် စိုက်ပျိုးထုတ်ကုန်ပိုမိုထုတ်လုပ်နိုင်ရေး ကြပ်မတ် ဆောင်ရွက် ရန်လိုပါကြောင်း၊ အသားစား ကြက်နှင့်ဝက်မွေးမြူရေးလုပ်ငန်းများသည် အချိန်တိုအတွင်း အကျိုးအမြတ် ရရှိနိုင်သည့်လုပ်ငန်းများဖြစ်သည့်အတွက် ပိုမိုမွေးမြူ ဆောင်ရွက်သွား ကြရန်နှင့် ငါးသယံဇာတများ ပျက်စီးဆုံးရှုံးမှုမရှိစေရေး စည်းကမ်းသတ်မှတ်ချက်များ နှင့်အညီ စနစ်တကျ ဖမ်းဆီးစေရေးကြပ်မတ် ဆောင်ရွက်သွားရန် လိုပါကြောင်း၊ လျှပ်စစ်ထုတ်လုပ်သုံး စွဲနိုင်ရေးနှင့်ပတ်သက်၍ ဆိုလာစနစ်၊ ရေအားလျှပ်စစ်စနစ်၊ စပါးခွံလောင်စာသုံး စနစ်များဖြင့် နည်းလမ်းများရှာဖွေ၍ လျှပ်စစ် ထုတ်လုပ်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများ၊ လုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်သွားကြရန်နှင့် လျှပ်စစ်သုံးစွဲမှု ကိုလည်း စနစ်တကျချွေတာသုံးစွဲကြရန်လိုပါကြောင်း၊ အားကစားကဏ္ဍနှင့်ပတ်သက်၍ ပြည်နယ်၊တိုင်းဒေသကြီး အဆင့်ပြိုင်ပွဲများတွင် အောင်မြင်မှုများရရှိနိုင်ရေး အခြေခံပညာ၊ အဆင့်မြင့်ပညာနှင့် မြို့နယ်များရှိ မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာ စေရန်နှင့် စနစ်တကျလေ့ကျင့်ပျိုးထောင်ပေးပြီး အားကစားနည်းအလိုက် အောင်မြင်မှုများ ရရှိစေရေး သက်ဆိုင်ရာဌာ နများနှင့် ပူးပေါင်းဆောင်ရွက်ကြရန် လိုပါကြောင်း၊ ပြည်ပဝင်ငွေရရှိရန်နှင့် ပြည်ပပို့ကုန်များ ပိုမိုထုတ်လုပ်နိုင်ရန် သက်ဆိုင်ရာကဏ္ဍအလိုက် တိုးမြှင့်ထုတ်လုပ်ကြရန် မှာကြားသည်။
ဆက်လက်၍ ဌာနဆိုင်ရာအသီးသီးမှ (၁.၂.၂၀၂၂) ရက်နေ့မှ (၃၁.၇.၂၀၂၂) ရက်နေ့အထိ (၆)လတာ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းတင်ပြချက် များအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လုပ်ငန်းများဆောင်ရွက်ရာတွင် ယခုထက်ပိုမိုတိုး တက်အောင် ဆောင်ရွက်ကြရန်နှင့် လုပ်ငန်းလိုအပ်ချက်များ ဖြစ်ပေါ်ပါကလည်း အချိန်နှင့် တပြေးညီ တင်ပြဆောင်ရွက်ကြစေရေးနှင့် လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးမှာ ကြားခဲ့ပြီး အစည်းအဝေးပထမနေ့ကိုရုပ်သိမ်းခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် နေ့လည်ပိုင်းတွင် တိုင်းဒေသကြီး ပညာရေးမှူးရုံး အစည်းအဝေးခန်းမတွင် ခရိုင်၊ မြို့နယ် ပညာရေးမှူးများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ပြီး မိမိတို့တိုင်းဒေသကြီး ကျောင်းအပ်နှံမှုနှင့် ကျောင်းတက်ရောက်မှု အများဆုံးနှင့် တက္ကသိုလ်ဝင်စာမေးပွဲတွင် တစ်နိုင်ငံလုံးအောင်ချက် အကောင်းဆုံးဒုတိယနှင့် ဂုဏ်ထူးရရှိသူများများစွာ ထွက်ပေါ်ခဲ့သဖြင့် ပညာရေးနှင့်ပတ်သက်၍ အလေးထား ဆောင်ရွက်နေသည့် တိုင်းဒေသကြီး ဖြစ်ပါကြောင်း၊ကျောင်းတက်ရောက်မှုများပြားလာသဖြင့် ပညာတတ်များပေါ်ထွက်လာစေရန်အတွက် အခွင့်အလမ်းကောင်းများ ရရှိစေနိုင်မည်ဖြစ်ပြီး လူ့စွမ်းအားအရင်းအမြစ်များအား မွေးထုတ်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ KG+9 ပညာရေးစနစ်အား အခမဲ့သင်ကြားနိုင်ရေး ဆောင်ရွက်ပေးလျှက်ရှိရာ ခရိုင်၊မြို့နယ် ပညာရေးမှူးများအနေဖြင့် အခကြေးငွေများ ကောက်ခံမှုမရှိစေရေး ကြပ်မတ်ဆောက် ရွက်သွားရန် လိုပါကြောင်း၊ယခုပညာသင်နှစ်တွင်ကျောင်းသားများအားလုံး ကျောင်းတက် ပျက်ကွက်မှု မရှိစေရန်နှင့် အမှန်တကယ် ပညာတတ်မြောက်စေရေး ဆရာ၊ဆရာမများ၊ အုပ်ချုပ်ရေးအဖွဲ့များ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် လိုပါကြောင်း၊ ကျောင်းသား ကျောင်းသူများ ကျောင်းတက်မှန် ကန်စေရေး၊ အတန်းစဉ်ကူးပြောင်းရေး၊ ကျောင်းနေမြဲရေးနှင့် သင်ယူတတ်မြောက်မှု အရည်အသွေးမြင့်မားစေရေး၊ အခြေခံပညာမှ တစ်ဆင့် အသက်မွေးဝမ်းကြောင်းပညာ၊ အဆင့်မြင့်ပညာများကို ဆက်လက် သင်ယူနိုင်ရေးဆရာ၊ ဆရာမများ အနေဖြင့် ဝိုင်းဝန်းကြိုးစားပေးကြရမှာ ဖြစ်ပါကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းတက်ပျက် ကွက်နေသည့် ကျောင်းသားကျောင်း သူများ၏ အခက်အခဲများကိုစိစစ်၍ ကျောင်းတက်ရောက်စေရေး စုစည်းဆောင်ရွက်ပေးရန် လိုပါကြောင်း၊ တက္ကသိုလ်ဝင် စာမေးပွဲကျရှုံး ကျောင်းသား၊ ကျောင်းသူများကိုလည်း ကျောင်းပြန်လည် တက်ရောက်စေရေးနှင့် စာမေးပွဲဖြေဆို အောင်မြင်နိုင်စေရေး စည်းရုံးဆောင်ရွက် ပေးကြရမှာဖြစ်ပါကြောင်း၊ ပညာရေးမှူးများအနေဖြင့် မိမိခရိုင်၊ မြို့နယ်များရှိ အခြေခံပညာကျောင်းများသို့ ကွင်းဆင်း၍ ပညာရေးဆိုင်ရာ လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးကြရမှာ ဖြစ်ပါကြောင်း၊ ကျောင်းဥပဓိရုပ် ကောင်းမွန်စေရေး၊ သန့်ရှင်းသာယာမှုရှိစေရေးနှင့် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေး ဆရာ၊ဆရာမများ၊ ကျောင်းသားမိဘများ၊ အုပ်ချုပ်ရေးအဖွဲ့များမှ ဝိုင်းဝန်းကြိုးစား ဆောင်ရွက်ပေးကြရန်”ပြောကြားခဲ့ပြီး တိုင်းဒေသကြီးပညာရေးမှူးနှင့် ခရိုင်၊ မြို့နယ်ပညာရေး မှူးများ၏ တင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်းသိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)