ဟားခါး သြဂုတ် ၁၅
ချင်းပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၃/၂၀၂၂) ကို သြဂုတ်လ ၁၅ ရက် မွန်းလွဲ ၂ နာရီက ဟားခါးမြို့ ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက်အမှာစကားပြောကြားသည်။
ရှေးဦးစွာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်က သြဂုတ်လ(၈)ရက်နေ့မှ (၁၀) ရက်နေ့အထိ နေပြည်တော်ရှိ နိုင်ငံတော်စီံမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့ လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်မှာကြားချက်များကို ထပ်ဆင့်ရှင်းလင်းရာ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်အရ ဖြစ်ပေါ်လာသည့် နိုင်ငံရေးပြဿနာများဖြစ်ပေါ်လာခြင်းကြောင့် နိုင်ငံတော်အား အရေးပေါ်အခြေအနေကြေညာ၍ နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့ရမှု အခြေအနေ၊ ရှေ့လုပ်ငန်းစဉ် (၅) ရပ်ချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေ၊ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်မပြည့်ဘဲ မဲပေးခဲ့သူများကို နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးနေမှု၊ နိုင်ငံသားစိစစ်ရေးကတ် မရှိသေးသည့် နိုင်ငံသားများကိုလည်း နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေးနေမှုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးရာတွင် တိုင်းရင်းသားအားလုံး၊ နိုင်ငံသားဖြစ်ခွင့်ရှိသူများ အားလုံးရရှိအောင် ဆောင်ရွက်ပေးရန်အတွက် မြန်မြန်ဆန်ဆန်နှင့် မှန်မှန်ကန်ကန် ဆောင်ရွက်ပေးရန်လိုသကဲ့သို့ နိုင်ငံသားမဟုတ်သူများကို နိုင်ငံသားစိစစ်ရေးကတ်များ မထုတ်ပေးမိစေရေး တာဝန်ရှိသူများက အလေးထား ကြပ်မတ်ဆောင်ရွက်ရန် လိုအပ်မှုအခြေအနေ၊ ကိုဗစ်−၁၉ ကာကွယ်ဆေးများကို အကြိမ်ပြည့်ထိုးနှံရန်လိုအပ်မှုနှင့် လူတစ်ဦးအနေဖြင့် ကိုဗစ်−၁၉ ကာကွယ်ဆေးကို အနည်းဆုံးလေးကြိမ် ထိုးနှံနိုင်ပါက ကာကွယ်မှုအတွက် ပိုမိုထိရောက်မှု အခြေအနေ၊ လက်ရှိအချိန်တွင် အလုပ်လုပ်ကိုင် ဆောင်ရွက်နိုင်သည့် လူသားအရင်းအမြစ်များကို အသုံးချရန် လိုအပ်သကဲ့သို့ နောင်မျိုးဆက်တွင် အလုပ်လုပ်ကိုင်မည့် လူငယ်များ၏ စွမ်းဆောင်ရည်များလည်း တိုးတက်ရန်လိုအပ်သဖြင့် ပညာရေးတွင် KG+9 ကို အလေးပေးဆောင်ရွက်မှု၊ ခေတ်ကာလအခြအနေအရ ယခုအခါ လူငယ်များသည် အလုပ်လုပ်ရင်း ပညာသင်သည့်အခြေအနေသို့ ရောက်ရှိနေသည့်အတွက် အကောင်းဆုံးနည်းလမ်းမှာ အနည်းဆုံး အခြေခံပညာအလယ်တန်းနှင့် အထက်ရရှိစေရန် ကြိုးပမ်းဆောင်ရွက်ပေးနေမှု၊ ခရိုင် ၅၀ ရှိ အခြေခံပညာအထက်တန်းကျောင်းများတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုအထက်တန်းကျောင်းများ ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်မှု၊ တိုင်းဒေသကြီး/ပြည်နယ်များ အလိုက် ဒေသတွင်းဝမ်းစာဖူလုံရေး၊ စပါးစိုက်ပျိုးမှုများကို ဦးစားပေးဆောင်ရွက်၍ တစ်ဧက အထွက်နှုန်းများ တိုးတက်အောင်ဆောင်ရွက်ရေး၊ မွေးမြူရေးလုပ်ငန်းများကို အခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ရန်လိုအပ်မှု စသည့် အချက်များအပါအဝင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များကို အသေးစိတ် ထပ်ဆင့်ရှင်းလင်းသည်။
ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ချင်းပြည်နယ်အတွင်း ဘဏ္ဍာရေးနှစ်အလိုက် တင်ဒါလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေများကို လည်းကောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ချင်းပြည်နယ်အတွက် မတည်ပေးသည့်ငွေကျပ် ၁၀ ဘီလီယံအား ပြည်နယ်စီးပွား မြှင့်တင်ရေးအတွက် စိုက်ပျိုးမွေးမြူရေးကဏ္ဍ၊ သမဝါယမကဏ္ဍ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်း ကဏ္ဍများတွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ထို့နောက် တင်ပြဆွေးနွေးချက်များအပေါ် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်ဆန်းတို့က ရရှိသည့်ရန်ပုံငွေများကို နိုင်ငံတော်အကြီး အကဲ၏လမ်းညွှန်ချက်နှင့်အညီ လျင်မြန်စွာ တိုးတက်အောင်မြင်နိုင်သည့် လုပ်ငန်းများဖြစ်စေရေး၊ အကျိုးရှိထိရောက်အောင်မြင်မည့် လုပ်ငန်းများဖြစ်စေရေး၊ အကောင်အထည်ဖော် ဆောင်ရွက်မှုများကို သက်ဆိုင်ရာခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် ပေါင်းစပ်ဆောင်ရွက်ရေးတို့ကို အကြံပြုဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြား ခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)