တနင်္သာရီ ဩဂုတ် ၁၆
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ ပဝကျေးရွာအုပ်စုရှိ ပဝချောင်းအတွင်း ရေလျှံတက်မှုဖြစ်စဉ်ကြောင့် ဩဂုတ်လ ၉ ရက် နေ့မှစပြီး ယာယီပိတ်ထားခဲ့ရသော အခြေခံပညာကျောင်း(၄)ကျောင်းကို ဩဂုတ်လ ၁၅ ရက်နေ့နံနက်ပိုင်းမှစ၍ ပြန်လည်ဖွင့်လှစ်ကာ သင်ကြားပေးနေပြီဖြစ်ကြောင်း သိရှိရသည်။
၂၀၂၂ ခုနှစ်၊ သြဂုတ်လ(ပထမ)ပါတ်အတွင်း တနင်္သာရီမြို့နယ်တွင် မိုးရွာသွန်းမှုများပြားခဲ့သဖြင့် ပဝကျေးရွာအုပ်စု-ပဝချောင်းအတွင်း မြစ်ရေလျှံတက်လာကာ ပဝအုပ်စုအတွင်းရှိ သာယာကုန်းတောင်ကျေးရွာ၊ အင်းဝိုင်းကျေးရွာ၊ ဖိုးမဲကျေးရွာနှင့် ပဝထိန်ကျေးရွာတွင်းလမ်းနှင့် လူနေအိမ်ခြံဝန်းများအတွင်းသို့ မြစ်ရေများဝင်ရောက်လျက်ရှိသဖြင့် ၎င်းကျေးရွာများရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများ ကျောင်းတက်၊ ကျောင်းဆင်းသွားလာစဉ် အန္တရာယ်မဖြစ်စေရန်ရည်ရွယ်၍ သြဂုတ်လ ၉ ရက်နေ့ နံနက်ပိုင်းမှစ၍ မြို့နယ်ပညာရေးမှူးထံ သတင်းပို့တင်ပြပြီး မြစ်ရေလျှံနေစဉ်ကာလအတွင်း ယာယီကျောင်းပိတ်ထားရခြင်းဖြစ်ပြီး၊ ယခုအခါ မြစ်ရေပြန်လည်ကျဆင်းသွားပြီဖြစ်၍ ယာယီပိတ်ထားခဲ့ရသည့်ကျောင်း(၄)ကျောင်းစလုံးကို သြဂုတ်လ ၁၅ ရက်နေ့နံနက်ပိုင်းမှစပြီး ပြန်လည်ဖွင့်လှစ်ကာ ပညာသင်ကြားပေးနေပြီ ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။
နန်းသာရီ~ထိန်ဝင်း(ပြန်/ဆက်)