သရက်မြို့ စည်ပင်သာယာဈေးအတွင်း ဆန်တန်းရုံ တည်ဆောက်နေမှုလုပ်ငန်းများအား မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ ကြည့်ရှုစစ်ဆေး

သရက်၊ စက်တင်ဘာ ၁၂

မကွေးတိုင်းဒေသကြီး၊ သရက်မြို့ စည်ပင်သာယာဈေးအတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် တည်ဆောက်လျက်ရှိသော ဆန်တန်း ရုံ (၂) ရုံ (Steel Structure) လုပ်ငန်းများအား သတ်မှတ်စံချိန်၊ စံညွှန်းများနှင့်အညီ တည်ဆောက်နေမှုရှိ/မရှိကို  မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးကျော်ကျော်နှင့် မြို့နယ်တည်ဆောက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များက ယမန်နေ့ နေ့လယ် (၂)နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

အဆိုပါ ဆန်တန်းရုံ(၂)ရုံ ( Steel  Structure) အား ခွင့်ပြုရန်ပုံငွေ (၁၅၂ )သန်းဖြင့် TTY (Magwe) Co., Ltd မှ တာဝန်ယူ တည်ဆောက် နေခြင်းဖြစ်ပြီး အဆောက်အဦများ၏ အကျယ် အဝန်းမှာ ၁၀၄ပေ × ၅၀ပေ × ၈ပေ ရှိပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း လုပ်ငန်းများအား သတ်မှတ်စံချိန်၊ စံညွှန်းများနှင့်အညီ ပြီးစီးအောင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တာဝန်ခံအင်ဂျင်နီယာ ဦးငြိမ်းချမ်းအောင်ထံမှ သိရသည်။

အလားတူ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့သည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း တိုင်းဒေသကြီးပိုလျှံရန်ပုံငွေ ကျပ် (၁၃၇)သိန်းဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်နေသည့် သရက်မြို့အနောက်ရပ်မြောက်ပိုင်းရပ်ကွက်၊ သင်္ကန်းရုံ လမ်းတွင် ၇၁၀ ပေ×၁၂ပေ × ၉ လက်မရှိ ကတ္တရာခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ဇော်ဝမ်းထွန်း(အောင်လံ)