မင်းဘူး ဩဂုတ် ၁၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချမှုရှိစေရေးနှင့် စက်သုံးဆီများ ပြတ်လပ်မှုမရှိစေရေးအတွက် စစ်ဆေးရေးအဖွဲ့ တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းက စက်သုံးဆီဆိုင်ကြီးများကို လိုက်လံ ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင် ဦးဆောင်ပြီး မြို့နယ် ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်လမ်းဦးစီးဌာနတို့မှ တာဝန်ရှိသူများက ပြည်သူများ စက်သုံးဆီဈေးနှုန်း မှန်ကန်စွာ သုံးစွဲ နိုင်ရေးအတွက် စက်သုံးဆီအရောင်းဆိုင်ကြီးများအနေဖြင့် သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချစေရေး၊ စက်သုံးဆီများ ပြတ်လပ်မှုမရှိစေရေးနှင့် စက်သုံးဆီများကို စျေးကစားရန် ရည်ရွယ်၍ သိုလ်လှောင် ထိန်ချန်ရောင်းချခြင်းများ မပြုလုပ်စေရေးကို စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
မင်းဘူး(စကု)မြို့နယ်အတွင်း တရားဝင် စက်သုံးဆီရောင်းချသည့် ဆိုင်ပေါင်း (၁၆)ဆိုင်ရှိပြီး ယမန်နေ့အထိ ပျမ်းမျှ ကာလပေါက်ဈေးမှာ Octane (92) တစ်လီတာ ၂၄၁၅ ကျပ်၊ Octane (95) တစ်လီတာ ၂၄၈၅ ကျပ်၊ ရိုးရိုး Diesel တစ်လီတာ ၂၇၅၀ ကျပ် ၊ Premium Diesel တစ်လီတာ ၂၈၂၅ ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိပြီး သယ်ယူစရိတ် ကုန်ကျမှုအပေါ်မူတည်၍ တစ်ဆိုင်နှင့်တစ်ဆိုင် ဈေးနှုန်း အနည်းငယ်ကွာဟမှုရှိကြောင်း စက်သုံးဆီအရောင်းဆိုင်များထံမှ သိရသည်။
မောင်မောင်(မင်းဘူး)