အမာ ဩဂုတ် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့ အခြေခံပညာအထက်တန်းကျောင်း၊ ရတနာခန်းမ၌ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ဟောပြောပွဲကျင်းပရာ၌ ရှေးဦးစွာ အမာမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးက အဖွင့်အမှာ စကားပြောကြားရာတွင် ပညာသင်ကြားနေသော ကျောင်းသားလူငယ်များအနေဖြင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးအန္တရာယ်အကြောင်း သိရှိပြီး ရှောင်ရှားနိုင်ကြရန်နှင့် လူငယ်များ အသိပညာဗဟုသုတများကို ကျယ်ပြန့်စွာသိရှိနိုင်ရေး ဟောပြောခဲ့ပြီး၊ အမာမြို့၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့စခန်းမှ စခန်းမှူးရဲအုပ်တင်အောင်က မူးယစ်ဆေးဝါးများ စတင်ပေါ်ပေါက်လာပုံ၊ မူးယစ်ဆေးဝါး အမျိုးအစားများ၊ မူးယစ်ဆေးသုံးစွဲပါက ရရှိလာမည့်ဆိုးကျိုးများ၊ အရေးယူခြင်း ဆိုင်ရာပြစ်မှု ပြစ်ဒဏ်များအကြောင်း၊ လူငယ်များ မူးယစ်ဆေးကြောင့် အနာဂတ်တွင် လူညွှန့်တုံးဆုံးရှုံးမှု မဖြစ်စေရေး အသိပညာပေး ပြောကြားခဲ့ပြီးနောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်ချယ်ရီထွန်းက ဟောပြောပွဲပြုလုပ်ရသည့် ရည်ရွယ်ချက်များ၊ မူးယစ်ဆေး၏ ဆိုးကျိုးများကို ကျောင်းသား၊ ကျောင်းသူများက သေချာမှတ်သားလိုက်နာကြရန် မှာကြားခဲ့ပါသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူးနော်လေးလီယန်က လူငယ်နဲ့ ကိုယ်ကျင့်တရား ခေါင်းစဉ်ဖြင့် ကျောင်သားလူငယ်များသည် အနာဂတ်တွင်ထူးချွန် ထက်မြက်သော လူတော်လူကောင်းများ ဖြစ်လာစေရန် ယခုအချိန်မှစ၍ ကိုယ်ကျင့်တရား ကောင်းမွန်စွာ နေထိုင်ကြရန် ကိုယ်ကျင့်တရားဆိုသည်မှာ ကောင်းကျိုးအားလုံး၏ အရင်းခံ ရေသောက်မြစ်ကြီးဖြစ်ကြောင်း ကျောင်းသားကျောင်းသူများကို အသိပညာပေး ပြောကြားခဲ့ကြောင်းသိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ အမာမြို့၊ မြို့အုပ်ချုပ်ရေးမှူး၊ နယ်မြေရဲစခန်းမှူး၊ ကျောင်းအုပ် ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ၊ အထက်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူများ တက်ရောက် ခဲ့ကြကြောင်းသိရသည်။
အမာ(ပြန်/ဆက်)