ပဲခူး သြဂုတ် ၁၅
ပဲခူးမြို့၌ ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်း (၁ /၂၀၂၂) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ပဲခူးခရိုင် မီးသတ်ဦးစီးဌာနခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲမင်းသူက အဖွင့်အမှာစကားပြောကြားရာ ယနေ့ကမ္ဘာ့ နိုင်ငံအသီးသီးတွင် နှစ်စဉ်လူဦးရေ တိုးပွားလာခြင်းကြောင့် အဆောက်အဦများ ထူထပ်ခြင်း၊ အဆင့်မြင့်အဆောက်အဦများ စက်ရုံအလုပ်ရုံများ၊ သိုလှောင်ရုံများ ခေတ်မီလူအသုံးအဆောင်များ၊ တိုးတက်ထွန်းကားလာခြင်း၊ တောတောင်ပြုန်းတီးလာပြီး ရာသီဥတုဖောက်ပြန်ပြောင်းလဲကာ အပူလွန်ကဲခြင်းများကြောင့် မီးဘေးအန္တရာယ် အပါအဝင် ရေကြီးခြင်း၊ မြေပြိုခြင်း၊ ငလျင်လှုပ်ခြင်း တောမီးလောင်ခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်း အစရှိသည့် သဘာဝဘေးအန္တရာယ်များ အပါအဝင် ရုတ်တရက်ဖြစ်ပွားသော ဘေးအန္တရာယ်များသည် ဦးစားပေးလုပ်ငန်း တစ်ရပ်ဖြစ်လာကြောင်း၊ ယင်းကြောင့် ယခုကဲ့သို့ ခေတ်ကာလနဲ့ လျော်ညီတဲ့ ရှာဖွေကယ်ဆယ်ရေး နည်းစနစ်တွေကို သင်တန်းသားများအနေနဲ့ စနစ်တကျ လေ့လာသင်ယူနိုင်ရန် သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲမင်းသူ၊ တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးဝင်းနှင့် ခရိုင်၊ မြို့နယ်အဆင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ လူမှုကူညီရေး ပရဟိတအသင်းအဖွဲ့များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး သင်တန်းအား ဩဂုတ်လ ၁၅ မှ ၂၆ ရက်နေ့ထိ သင်တန်းကာလ (၂)ပတ်ကြာ သင်ကြားပို့ချမည်ဖြစ်ပြီး သင်တန်းသား (၃၅)ဦး တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
သက်ဖြိုးကြိုင် (ခရိုင် ၊ ပြန်/ဆက်)