ညောင်လေးပင် ဩဂုတ် ၁၅
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ယနေ့နံနက် ၁၁ နာရီအချိန်က ငှက်ပျောတောစု အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ငှက်ပျောတောစု အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ကျောင်းအုပ်ဆရာမကြီးမှ အဖွင့်အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နီနီဝင်းမှ ကျောင်းသားကျောင်းသူများအား စာဖတ်ခြင်းအလေ့အထ ပိုမိုတိုးပွားလာစေရန်နှင့် အနာဂတ်လူငယ်များဖြစ်သည့် ကျောင်းသား၊ကျောင်းသူလူငယ်များ ထူးချွန်ထက်မြက်ပြီး အကျင့်စာရိတ္တ ကောင်းမွန်သော လူတော်လူကောင်းများဖြစ်လာစေဖို့ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲများ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားပြီး စာတတ်ဖို့သာမကပညာတတ်ဖို့ ကြိုးစားကြပါ ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသော ကျောင်းသား၊ကျောင်းသူများအား ဒုတိယဦးစီးမှူး ဒေါ်မိုးစန္ဒာဝင်းမှ ပုံပြင်များပြောပြခဲ့ပြီး ကိုယ်လက်လှုပ်ရှားအားကစားများလည်း ပြုလုပ်ခဲ့ကြောင်းသိရသည်။
မြို့နယ် (ပြန်/ဆက်)