ဝေါမြို့နယ်၌ လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ) သင်တန်းဖွင့်ပွဲကျင်းပ

ဝေါ သြဂုတ် ၁၅

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် စက်မှုလယ်ယာ ဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သည့် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ) သင်တန်းဖွင့်ပွဲကို ယနေ့နံနက် (၉:၀၀) နာရီက မြို့နယ်စက်မှုလယ်ယာစခန်း၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသီဟထွန်း က သင်တန်းဖွင့်အမှာစကား ပြောကြားပြီး ပဲခူးခရိုင် စက်မှုလယ်ယာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦး က သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သတ်၍ စက်မှုလယ်ယာ ဦးစီးဌာနအနေဖြင့် လယ်ယာဝန်ဆောင်မှု လုပ်ငန်းများဆောင်ရွက်ခြင်း၊ စနစ်တကျလယ်ယာမြေ၊ ကုန်းမြင့်လယ်ယာမြေနှင့် မြေလွတ်မြေရိုင်းများ ဖော်ထုတ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ရန် အတွက် လယ်ယာသုံးစက်ကိရိယာများ ဖြန့်ဖြူးပေးရာ ဝေါမြို့နယ်အတွင်း ထွန်စက်ကြီး (၃၃၈) စီး၊ လက်တွန်းထွန်စက် (၃၃၆၄) စီးနှင့် ရိတ်သိမ်းခြွေလှေ့စက် (၁၇၃) စီးတိုကို ဖြန့်ဖြူးပေးပြီးဖြစ်ပြီး အဆိုပါလယ်ယာ သုံးစက် ကိရိယာများကို စနစ်တကျ ကိုင်တွယ် ထိန်းသိမ်း အသုံးပြုနိုင်ရေးနှင့် စက်ကိရိယာပစ္စည်းများ ပြင်ဆင်နိုင်ရေးအတွက် မြို့နယ်အတွင်းရှိ တောင်သူများကို လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ) သင်တန်းကို ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြို့နယ်စက်မှုလယ်ယာ ဦးစီးဌာန ဦးစီးမှူး ဦးဟန်ညီညီက သင်ထောက်ကူပစ္စည်းများ ပေးအပ်ပေးသည်။

အဆိုပါ သင်တန်းကို ဝေါမြို့နယ် အတွင်းရှိ ကျေးရွာအုပ်စု (၆၄) အုပ်စု၊ကျေးရွာခွဲ (၁၁၇) ရွာမှ တောင်သူ (၃၀) ဦးအား သြဂုတ်လ ၁၅ ရက်နေ့မှ ၂၆ ရက်နေ့အထိ (၂) ပတ်ကြာ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်မြတ်လင်း (ပြန်/ဆက်)