ပခုက္ကူ ဩဂုတ် ၁၅
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ ပခုက္ကူမြို့၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူလူငယ်များ၏ ဗလငါးတန်မြှင့်တင်ပေးနိုင်ရေး၊ စာဖတ်ရှိန်မြင့်မားလာစေရေးတို့အတွက် ယမန်နေ့ မွန်းလွဲ၁နာရီအချိန်က စာပေစကားဝိုင်း ကျင်းပပြုလုပ်သည်။
ထိုစာပေစကားဝိုင်းတွင် ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဌေးအောင်က ညှိနှိုင်းရေးမှူးအဖြစ် ပါဝင်ဆောင်ရွက်ပြီး ပခုက္ကူမြို့၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ စကားဝိုင်းတွင် ပါဝင်သည့် ကျောင်းသား၊ ကျောင်းသူများအား တစ်ဦးချင်းအလိုက် ဖိတ်ခေါ်ဆွေးနွေးစေရာ မချောစုခိုင်က "အောင်မြင်မှုလမ်းကြောင်းအတွက် အခွင့်အလမ်းများ"ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်ဇင်လင်းအောင်က "မှော်ဘီဆရာသိန်း၏ မျှဝေလိုသော အတွေးများ" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မသဲအိဖြူက"သခင်ကိုယ်တော်မှိုင်း၏ အတ္ထုပ္ပတ္တိ" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်စိုးအာကာထွန်းက "ဆရာကြီးလယ်တွင်းသားစောချစ်၏ ဘဝမှစာ စာမှဘဝ"ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မခင်မိုးထက်က "သိပ္ပံပညာရှင် မာကျူရီ၏ ဘဝအကြောင်း"ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်အောင်ထူးခန့်က "မိုးရှင်း၏ နှစ်ခါပြန်မရနိုင်သော အရာများ"ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးကြသည်။
ယင်းနောက် တက်ရောက်လာကြသည့် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးစန်းအောင်နှင့် ဝန်ထမ်းများ၊ အမျိုးအသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မိုးမြင့်နှင့် ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းကြရာ သက်ဆိုင်ရာ ကဏ္ဍများအလိုက် ပြန်လည်ရှင်းလင်း ဖြေကြားပေးကြပြီး အပြန်အလှန် ဆွေးနွေးကြကြောင်း သိရသည်။
စာပေစကားဝိုင်းကို ကျောင်းသား၊ ကျောင်းသူလူငယ်များ၏ အသိပညာ၊ အတတ်ပညာနှင့် ကျင့်ဝတ်တန်ဖိုးများ အပါအဝင် ဗလငါးတန်မြှင့်တင်ပေးနိုင်ရေး၊ လူငယ်တို့၏ အတွေးအမြင်ကောင်းများဖြင့် အနာဂတ်လူ့ဘောင်အဖွဲ့အစည်းအား အကောင်အထည်ဖော် ထူထောင်နိုင်ရေး၊ လူငယ်များအကြား စာပေချစ်မြတ်နိုးစိတ်များ ဖြစ်ပေါ်လာစေရေး၊ စာဖတ်ရှိန်မြင့်မား လာစေရေး၊ စာပေများအပေါ် အမြင်ချင်း ဖလှယ်နိုင်စေရေး၊ ပြည်ထောင်စုစိတ်ဓာတ်နှင့် မျိုးချစ်စိတ်ဓာတ် ထာဝစဉ်ရှင်သန်ထက် မြက်စေရေးတို့အတွက် ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)