မိန်းမလှကျွန်း တောရိုင်းတိရိစ္ဆာန် ဘေးမဲ့တောမှ ဒီရေတောများ ပြန်လည်ရှင်သန်စေရေး ဒေသခံများ ပူးပေါင်းပါဝင်ရန်လိုအပ်

ဘိုကလေး ဩဂုတ် ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်အတွင်းရှိ မိန်းမလှကျွန်း‌တောရိုင်းတိရိစ္ဆာန် ဘေးမဲ့တောသည် ၁၉၉၃ ခုနှစ် ဇန်နဝါရီ(၅)ရက်နေ့တွင် သစ်တောဝန်ကြီးဌာနမှ ဘေးမဲ့တောအဖြစ် စတင် သတ်မှတ်ပြဌာန်းခဲ့ပြီး ၂၀၀၃ ခုနှစ်တွင် အာဆီယံအမွေအနှစ် ဥယျာဉ်အဖြစ် လည်းကောင်း စာရင်းသွင်း သတ်မှတ်ခံခဲ့ရသည်။

အဆိုပါ မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောပေါ်မှ ဒီရေတောများသည် မျိုးသုဉ်းပျောက်ကွယ်ရန် ခြိမ်းခြောက်ခံနေရသည့် အပင်နှင့်အကောင်မျိုးစိတ်များအတွက် မှီခိုနေထိုင်ရာ အိမ်ဖြစ်ပြီး ၎င်း၏ပတ်ဝန်းကျင်ရှိ ကျေးရွာ(၃၂)ရွာမှ အိမ်ထောင်စု (၈၀၀၀)ကျော်၏ စားဝတ်နေရေးနှင့် ဝင်ငွေအတွက် မှီခိုရာလည်း ဖြစ်သည့်အပြင် ပို၍အရေးပါသည့် အချက်မှာ မိန်းမလှကျွန်းပေါ်မှ ဒီရေတောများသည် ပတ်ဝန်းကျင် ဒေသများကို ရာသီဥတု ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသော သဘာဝဘေးအန္တရာယ်များ၏ ဒဏ်မှ အကာအကွယ်ပေးလျက်ရှိသည်။

သို့ရာတွင် မိန်းမလှကျွန်းပေါ်ရှိ ဒီရေတောများ ပျက်စီပြုန်းတီးမှုသည် ၎င်းအား ထင်းထုတ်ယူသည့် သစ်တောကြိုးဝိုင်းအဖြစ် သတ်မှတ်သည့် ၁၉၈၅ ခုနှစ်မှ စတင်၍ လူတို့၏ အလွန်အကျွံ စည်းကမ်းမဲ့ ခုတ်လှဲသုံးစွဲမှု၊ ၂၀၀၈ ခုနှစ်တွင် တိုက်ခတ်ခဲ့သည့် နာဂစ် မုန်တိုင်းကြောင့် ဒီရေတောများ ပျက်စီးမှုဖြစ်ပေါ်ခဲ့ရသည်။

ဒီရေတောများ ပျက်စီးမှုများကြောင့် ဒီရေတောဂေဟစနစ် ပျက်စီးယိုယွင်းလာမှုသည် ၎င်းအားမှီခိုနေသည့် ဇီဝမျိုးစုံ မျိုးကွဲများအပေါ်တွင် သက်ရောက်မှုများကို ဖြစ်ပေါ်စေပြီး အစာကွင်းဆက်ကိုလည်း မတည်မငြိမ်ဖြစ်စေကာ ဒီရေတောများကို မှီခိုနေရသည့် ဒေသခံများအတွက် အစာရေစာ လုံလောက်စေမှုကို ထိခိုက်လာစေပါသည်။

ထို့ကြောင့် ယခုအခါတွင် မိန်းမလှကျွန်းပေါ်မှ ဒီရေတာများကို ပြန်လည်ထူထောင် စိုက်ပျိုးရုံသာမက အပင်ပေါက်ရောက်မှု ပိုမိုများပြား သိပ်သည်းလာစေရန်၊ မျိုးတုန်း ပျောက်ကွယ်ဖို့ အန္တရာယ်ကျရောက်နေသော အရေးကြီးသည့် ဒီရေတောမျိုးစိတ်များ အပါအဝင် ဇီဝမျိုးစုံမျိုးကွဲများကို ပိုမိုကောင်းမွန်လာစေရန်နှင့် ဒီရေတောဂေဟစနစ်များကို ပိုမိုကျန်းမာသန်စွမ်း လာစေရန်အတွက် သစ်တောပညာရှင်များ၊ သဘာဝပတ်ဝန်းကျင်နှင့် တောရိုင်းတိရိစ္ဆာန် ထိန်းသိမ်းရေးအဖွဲ့များနှင့် လူမှုရေးအသင်းအဖွဲ့များမှ မိန်းမလှကျွန်း တောရိုင်း တိရိစ္ဆာန်ဘေးမဲ့တော အပေါ်တွင် ဒီရေတောအပင်များ ကွက်လပ်ဖြည့် စိုက်ပျိုးမည့် လုပ်ငန်းစဉ်အား အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ရာ ဒေသခံများ ပူးပေါင်းပါဝင် ဆောင်ရွက်ရန် အဓိကလိုအပ်လျက်ရှိသည်။

ဒေသခံများ ပူးပေါင်းပါဝင်လာရန်ကိုလည်း စီမံကိန်း အကောင်အထည်ဖော် ဆောင်သူများမှ လိုလားလျက်ရှိပြီး ဒေသခံများ ပူးပေါင်းပါဝင်ဆောင်ရွက်ပါက ဝင်ငွေအခွင့်အလမ်းများ ရရှိမည့်အပြင် ၎င်းတို့ပါဝင် စိုက်ပျိုးထိန်းသိမ်းမှုများကြောင့် တဖြည်းဖြည်း ကောင်းမွန် သန်စွမ်းကျန်းမာလာမည့် ဒီရေတော ဂေဟစနစ်သည် စိုက်ပျိုးရေး သီးနှံနှင့် သား၊ ငါး၊ ပုဇွန်များ ပေါများမှုကိုလည်း ရရှိနိုင်မည် ဖြစ်ပါသည်။

မိုးစက်(ဘိုကလေး)